Chapter-8

409 61 10
                                    

(Uni)

အစ်ကို ၄ ၏အချိန်ဇယားထဲသို့ လောလောလတ်လတ်ကမှ ကျန့်လူထည့်ထားပေးသော ကျောင်းအုပ် လု ၏ဖွင့်ပွဲအခမ်းအနားမှာ မစတင်ရသေးမီတွင်ပင် ပွဲစီစဉ်သူကြီးအနေဖြင့် ပြဿနာအသေးစားလေးတစ်ခုကြုံနေရပြီဖြစ်၏။

ဖွင့်ပွဲအခမ်းအနားကို မနက်ပိုင်းတွင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကာ ထိုမတိုင်ခင် သင်ကြားရေးဌာနပေါင်းစုံ ဝန်ထမ်းများအစည်းအဝေးပွဲ ရှိလေသည်။

အသစ်စက်စက်တည်ထောင်ထားသော ကြယ်ပင်လယ်အကယ်ဒမီတွင် ဌာနသုံးခုရှိပြီး : စက်ရုပ်အာကာသယာဉ်နှင့် စက်မှုအင်ဂျင်နီယာဌာန၊ စက်ရုပ်အာကာသယာဉ် မောင်းနှင်ပြုပြင်ထိန်းသိမ်းရေးပညာဌာန၊ သတင်းအချက်အလက်သိပ္ပံပညာဌာနတို့ ဖြစ်ပေ၏။ သင်ကြားရေးသုံးပစ္စည်းများကို ကျောင်းအုပ်ကိုယ်တိုင် စုဆောင်းထားခြင်းဖြစ်ကာ... အချို့ပစ္စည်းအတိုအစများကိုမူ ဘယ်ဆီဘယ်ဝယ်မှ ဟိုတစ်ပိုင်းသည်တစ်စကောက်ယူလာသည် မသိရချေ။

ကျောင်းအုပ် လု ၏ ခမ်းနားကြီးကျယ်လှစွာသော အနာဂတ်မျှော်မှန်းချက်များအရ ကြယ်ပင်လယ်အကယ်ဒမီသည် လူသားမျိုးနွယ်အသိဉာဏ်ပညာတို့၏ အကြီးမြတ်ဆုံးသောခန်းမဆောင်တစ်ခု ဖြစ်လာမည်ဖြစ်ကာ အဆင့်အမြင့်ဆုံးသော သိပ္ပံလက်တွေ့ခန်းများ၊ စာအုပ်ထဲမှအကြောင်းအရာများကို လက်တွေ့အာရုံခံစား၍သိမြင်နိုင်အောင် ဖန်တီးလှုံ့ဆော်ပေးနိုင်သည့် စာကြည့်တိုက်များနှင့် စကြဝဠာကြီးတစ်ခုလုံးတွင် အခွင့်အာဏာအရှိဆုံးသော ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတို့ကို ပိုင်ဆိုင်ရရှိထားမည်ဖြစ်ပေသည်။ ထို့အပြင် လူသားမျိုးနွယ်စုအားလုံး၏ အထူးချွန်အထင်ရှားဆုံးသော လူတော်လူကောင်းများစုစည်းရာနေရာဖြစ်လာပြီး ကြယ်စုကြီးရှစ်ခုအနှံ့တွင် သုတေသနစင်တာများ တည်ထောင်လာနိုင်လိမ့်မည်။ ကြယ်ပင်လယ်အကယ်ဒမီကား ဝေးကွာလှသော Wolto ဂြိုဟ်ပေါ်မှ သစ်ခွနက်အကယ်ဒမီနှင့်ပင် ရင်ဘောင်တန်းနိုင်ပါလိမ့်မည်။ ကျယ်ပြန့်လှသောအကွာအဝေးများကိုဖြတ်သန်း၍ အချင်းချင်းဆက်သွယ်ပူးပေါင်းလျက် လူ့သမိုင်း၌ ကြီးကျယ်မြင့်မြတ်လှစွာသော အမည်နာမပေါင်းအမြောက်အမြားတို့ဝယ် ကြယ်ပင်လယ်အကယ်ဒမီ၏အမှတ်တံဆိပ်သည်လည်း ယှဉ်တွဲဖော်ပြပါရှိလာချေလိမ့်မည်။

ချို့ယွင်းကုန်စည်များ/ ချို့ယွင်းကုန်စည်များ(Can Ci Pin - 残次品)MM TranslationDonde viven las historias. Descúbrelo ahora