(Uni)
❌❗ Warning - Graphic scene and bloodshed contents ❗❌
"အဲ့ဒါ လုရှင့်ပဲ"
အစိုးရရုံးစိုက်ရာဂြိုဟ်ဖြစ်သည့် Wolto ဂြိုဟ်ပေါ်ရှိ Diamond Plaza ပေါ်တွင်ဖြစ်၏။
လင်ကျင့်ရှူးက အံ့ဩတကြီးဖြင့် နောက်သို့လှည့်ကြည့်လာသည်တွင် သူ့ကိုစကားလာပြောသူမှာ တာဝန်ခံဗိုလ်ချုပ်မှူးအိုကြီး Woolf ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ သူလည်း အမြန်မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်ပေ၏။
"ကောင်းသော ညနေခင်းပါ လူကြီးမင်း Woolf"Diamond Plaza မှာ သမဂ္ဂလွှတ်တော် ဗဟိုခန်းမဆောင်နှင့် သစ်တောဥယျာဉ်တို့အကြားတွင် ပေါင်းကူးတည်ရှိနေခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ဗဟိုခန်းမဆောင်အတွင်း ပါတီပွဲတစ်ခုကျင်းပနေခြင်းဖြစ်ကာ ခန်းမတွင်းမှ ညနေမီးရောင်တို့က မှောင်မိုက်နေသော တစ်ဝက်အလုံပိတ်ထားသည့် Diamond Plaza ထဲကိုဖြတ်သန်းသွားလျက် ဥယျာဉ်ထဲရှိ စိမ်းစိမ်းစိုစိုသစ်ပင်များအထိပင် အလင်းပေးထားပေသည်။ မှိန်တစ်လှည့် လင်းတစ်ချက် အလင်းရောင်တို့အောက်ဝယ် ရေမွှေးရနံ့တို့ထုံမွှမ်းနေသည့် ပွဲတက်ဝတ်စုံတို့ကား ခပ်လွင်လွင်ရယ်သံတို့နှင့် စည်းချက်ကျစွာ လှုပ်ရှားယိမ်းနွဲ့နေကြလျက်။
ဤသည်မှာ အဆင့်အတန်းမြင့်မားသောလူနေမှုဘဝဟု ခေါ်ဆိုကြသည့်အရာပင်။
နေ့အချိန်တုန်းကမူ ဧဒင်စီမံခန့်ခွဲမှုကော်မတီနှင့် ဥပဒေရေးရာကောင်စီတို့မှာ ကြယ်စုခုနစ်ခုမှကိုယ်စားလှယ်များ အပြင်းအထန်ငြင်းခုံစကားများနေကြရင်း အချင်းချင်းထသတ်တော့မတတ်ဖြစ်နေကြသည်ကို ဘေးမှသာရပ်ကြည့်နေခဲ့ကြကာ - မည်မျှလောက်ရှက်စရာကောင်းခဲ့မည်ကို အလွယ်တကူပင် မှန်းဆကြည့်နိုင်ပါသည်။ ထို့နောက် ညရောက်သည့်အခါတွင်ကား အားလုံးမှာ သူတို့၏ဟော်မုန်းများကို ဧဒင်ဖြင့် ပြန်လည်ထိန်းညှိလျက် အဝတ်အစားလဲ၍ ရေချိုးမျက်နှာသစ်ပြီးနောက် မိသားစုဝင်များကိုပင် ဖိတ်ခေါ်လာကြကာ စည်ကားလှသည့်ပွဲအခမ်းအနားဝယ် ခင်မင်ရင်းနှီးစွာတွေ့စုဝေးဆုံကြပြန်ချေ၏။
စီမံခန့်ခွဲမှုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၏ ဇနီးအနေဖြင့် လင်ကျင့်ရှူးမှာ သေချာပေါက်ကို အခမ်းအနားတက်ရောက်ရပေလိမ့်မည်။ သူ့အား စကားလာပြောလိုသူ၊ သူနှင့်တွဲ၍က,လိုသူများ များပြားလွန်းလှလေ၏။ ဖိတ်ခေါ်ကမ်းလှမ်းချက်များအားလုံးကိုသာ လက်ခံရမည်ဆိုပါလျှင် သူလည်း စက်တပ်ထားသည့်ဂျင်တစ်လုံးပမာ မရပ်မနားချာလပတ်လည်နေရချေတော့မည်။ ထို့ကြောင့် အများအားဖြင့် ဤအမျိုးသမီးမှာ လူလုံးထွက်ပြသည်ဆိုရုံ ခေတ္တမျှသာပေါ်လာပြီး လူအုပ်အကြားတိုးဝင်ပျောက်ကွယ်သွားတတ်ကာ အထွေထွေအတွင်းရေးမှူးတစ်ယောက် လူမှုရေးဆိုင်ရာကိုယ်ပိုင်တာဝန်ကိစ္စများကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးသည်အထိ စောင့်ဆိုင်းနေပြီးမှ ရုတ်တရက်ပြန်လည်ထွက်ပေါ်လာတတ်၍ သူ့အမျိုးသားနှင့်အတူ အိမ်ပြန်သွားတတ်၏။
BẠN ĐANG ĐỌC
ချို့ယွင်းကုန်စည်များ/ ချို့ယွင်းကုန်စည်များ(Can Ci Pin - 残次品)MM Translation
Khoa học viễn tưởngMM fan translation of author Priest's novel 《残次品》/ Imperfections/ The Defectives. All media included credit to rightful original owners. Year: 2017 Total chapters: 197 chapters + 6 extras Original novel link: http://www.jjwxc.net/onebook.php?novelid...