ရှမ်းပြည်(၁)

94 4 0
                                    

လရောင်အေးအေးသည် တိမ်ညိုများအကြားမှ ခမ်းနောင်တို့ရွာကလေးအပေါ် ဖြန့်ကျက် အုပ်မိုးပေးထားလျက်ရှိသည်။
အိမ်ဘေးရှိ ဂန္ဓမာခင်းအား လေတိုးသည့်အသံသဲ့သဲ့နှင့် အိမ်သားများ၏ စကားပြောသံအချို့သာ ထွက်ပေါ်နေသည့် ခမ်းနောင်တို့အိမ်ကလေးထဲ အနွေးဓာတ်လှိုင်းကလေး သဲ့သဲ့ဖြတ်ပြေးသည်။

"ခွိ.."

ခွိခနဲတစ်ချက်ရယ်ကာ ပါးစပ်အား လက်ဖြင့်ပြန်အုပ်ထားလိုက်သည့် မိုးခွန်ကြောင့် ခမ်းနောင် ထမင်းပန်းကန်တွေချပေးနေရာမှ အနောက်သို့လှည့်ကြည့်လိုက်မိသည်။
ခမ်းနောင်တို့ဖခင်၏ ရှမ်းဝတ်စုံအား ဝတ်ကာ လှေကားရင်း၌ ရပ်နေသည့် လူမျိုးခြားအမျိုးသားကြီးသည် ခမ်းနောင်အား ရှုတည်တည်ဖြင့် ရပ်ကြည့်နေလေ၏။
မလုံမလဲဖြင့် သွားစိရယ်ပြလိုက်ကာ ခမ်းနောင်ထမင်းဝိုင်းသာ ပြန်လှည့်ပြင်နေလိုက်သည်။

လွန်ခဲ့သော တစ်နာရီခန့်။

"ခမ်းနောင်၊ ရေဘယ်မှာချိုးရမလဲ"

အိပ်မှုန်စုံဖွားပုံဖြင့်လည်း ကြည့်ကောင်းနေသော ထိုအမျိုးသားအား ခမ်းနောင် မနာလိုပင်ဖြစ်လာသည်။

"ကျွန်တော် လိုက်ပြမယ်"

သဘက်အဖြူခပ်ကြီးကြီးတစ်ထည်ကို ပုခုံးပေါ်လွှားတင်ထားလျက် ဒူးအတိဘောင်းဘီတိုလေးတစ်ထည်သာ ဝတ်ထားသည့်အတွက် အထင်းသားမြင်နေရသည့် ခန္ဓာကိုယ်အချိုးအစားသည် မိန်းကလေးတွေတင်သာမက ယောက်ျားအချင်းချင်းပါ ပြန်အားကျရလောက်သည့် ခန္ဓာကိုယ်မျိုး။

"ဒီမှာပါ ဆရာ၊ ရေလိုရင် ဟိုပိုက်ကိုဖွင့်လိုက်လို့ရတယ်။ တစ်ခုခုလိုရင် လှမ်းအော်လိုက်ပါ ကျွန်တော် အပေါ်မှာရှိနေမှာမို့"

အိမ်ဘေးရှိ ရေချိုးဆိပ်သည် နောက်ဖေးအဖီလေးကဆင်းလိုက်သည်နှင့် ချက်ချင်းရောက်သည်။ ခပ်လှမ်းလှမ်းရှိဂန္ဓာမာပန်းဖြူဖြူများဆီသို့မရောက်ခင် ရေဆင်းမြောင်းတစ်ခုလည်းဖောက်ထားသေးသည်။

ခမ်းနောင်သည် အပေါ်ထပ်အခန်းကို လက်ညိုးထိုးပြလျက် ရယ်ပြကာ ပြန်ထွက်သွားလေ၏။

Beautiful MYANMAR [Book (1)]Where stories live. Discover now