မိုးတစ်ဖြောက်နှစ်ဖြောက် ရွာခဲ့သော ညကုန်ဆုံးပြီးနောက် နံနက်ခင်းတွင် တိမ်ညိုမှိုင်းများအကြားမှ နေရောင်နွေးနွေးကလေး ဖြာကျလာသောအခါ လောကတစ်ခွင်သည် လှပလို့နေလေ၏။
မိုးခွန်မှာ ကလောမြို့ပေါ်ရှိ ဖွားဖွားကြီးအိမ်တွင် ကျောင်းတက်ရန် သွားနေ,နေရာမှ စနေတနင်္ဂနွေပိတ်ရက်ကြောင့် ရွာသို့ပြန်ရောက်နေသည်။
ယခုမနက်တွင်တော့ စက်ဘီးဆွဲလျက် ဧချင်းရှိနေမည့် တစ်ဖက်ရွာမှ ကျူရှင်ဝိုင်းသို့ သူထွက်လာခဲ့သည်။မနက်ခင်းတစ်နာရီစာသင်ချိန်အပြီး နာရီဝက်အနားပေးချိန်နှင့် အချိန်ကိုက်ပြီး ထွက်ခဲ့ခြင်းဖြစ်သောကြောင့် သူရောက်သောအချိန်တွင် ကျူရှင်ရှေ့၌ လူစည်နေသည်။
"ရွှေရုပ်၊ မေးခွန်းလာယူတာလား"
အတန်းတူသူငယ်ချင်းတစ်ယောက်မှ လှမ်းမေးလာသည်အား သူပြန်ဖြေပြီးနောက် ဧချင်းကိုရှာရသည်။
ခဏအကြာတွင် ကျူရှင်ဝိုင်းထောင့်ရှိ ရေတမာပင်အောက် ခုံတန်းကလေးတွင်ထိုင်ကာ မုန့်စားနေသော ဧချင်းအားတွေ့လိုက်ရသည်။"ဟဲ့ ဘယ်မလဲ မေးခွန်းတွေ"
"ထိုင်စမ်းပါဦးဟ။ ပေးမှာပေါ့"
သူ ဧချင်းဘေးတွင် ဝင်ထိုင်ကာ ဧချင်းမုန့်အား နှိုက်စားလိုက်သည်။ ထိုအချိန်တွင် ကျူရှင်ဝိုင်းရှေ့မှနေ၍ သစ္စာပန်းတစ်စည်း ပိုက်ကာ ဖြတ်လျှောက်သွားသော နန်းသာအား လှမ်းတွေလိုက်ရသည်။
"မမ...၊ မမနန်းသာ"
သူအသံမြှင့်၍ ခေါ်လိုက်သောအခါ နန်းသာလှည့်ကြည့်လာသည်။
"ဧချင်း..၊ ခဏနော်"
သူနန်းသာအနားသို့ အပြေးလေးလှမ်းလာခဲ့၏။
"ဒီဖက်အထိ ပန်းလာဝယ်တာလား၊မမ။ မိုးခါးတို့က ဒီနှစ် မစိုက်ဘူးလား"
"အေး ၊ ဒီနှစ်မစိုက်ဘူးဆိုလို့ရယ်"
သူတို့ရွာတွင် သစ္စာပန်းစိုက်သည်မှာ မိုးခါးတို့တစ်အိမ်သာရှိ၍ သူတို့အိမ်မစိုက်ပါက ဒီဖက်ရွာသို့လာဝယ်ရတတ်သည်။
"ခု ရွာပြန်မှာမဟုတ်လား။ လာလေ၊ ကျွန်တော် စက်ဘီးပါတယ်။ လိုက်ပို့မယ်"
أنت تقرأ
Beautiful MYANMAR [Book (1)]
عشوائيဘယ်အရာကိုမှ မယုံချင်လျှင်တောင်မျှ ပင်လယ်ပြာတွေကိုတော့ ယုံသင့်ပါရဲ့။ Start - 8.6.2021 End. -