Part 5: ရခိုင်ပြည်

26 3 7
                                    

နေ့ခင်းနေရှိန်ကြောင့် ကွန်ကရစ်လမ်းမကြီးသည် ခြေချမရလောက်အောင် ပူကျစ်နေ၏။ လမ်းမထက်တွင် တံလျှပ်များထနေသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်တို့မှာ စိမ်းခြောက်ခြောက်။ ကားများ ရပ်နားရန်နေရာတွင် သစ်ပင်ကြီးများရှိနေသောကြောင့် အရိပ်ကောင်းကောင်းဖြင့် အေးလို့နေ၏။ ကားပေါ်မှဆင်းလိုက်သည်နှင့် စိမ်းမြသောလေအေးအေးကလေး ပွတ်တိုက်ပြေးလွှားသွား၏။ တစ်ဝက်သိမ်းကာ အနောက်၌ စုချည်ထားသော ခမ်းနောင်၏ ဆံစများ လှုပ်ခတ်သွားရသည်။

ယခုမှာ သူတို့သည် ရခိုင်ပြည်၏ ကျက်သရေဆောင်များအနက် တစ်ခုဖြစ်သည့် မဟာမုနိဘုရားသို့ရောက်နေကြခြင်းဖြစ်သည်။

"နေရာစုံကလူတွေက ဒီရခိုင်ပြည်ကို ဒီမဟာမုနိဘုရားကို ဖူးချင်လို့လာကြတာများတယ်။ သူ့ပြီးရင်တော့ မြောက်ဦးပေါ့။ "

ရစ်ချက်သည် ဆံပင်များအား နောက်သို့ လှန်သပ်တင်လိုက်သည်။ နေကာမျက်မှန်အောက်မှ ပင်လယ်ရောင်မျက်ဝန်းများသည် ပတ်ဝန်းကျင်ပတ်လည်သို့ လှည့်ပတ်စူးစမ်းနေ၏။

"စောင်းတန်းဆီ အမြန်လျှောက်ကြရအောင်။ လမ်းက ပူကျစ်နေတာ"

စိုင်းလုံ၏ လောဆော်မှုနှင့်အတူ သူတို့အရိပ်ထဲမှ ထွက်လိုက်၏။ ခြေဖဝါးနှင့် ထိမိသော ကွန်ကရစ်လမ်းသည် ခြစ်ခြစ်တောက်ပူလို့နေသည်။ အပူကြောင့် ခြေဖဝါးအား အပြည့်မနင်းနိုင်။ စောင်းတန်းအောက် အရိပ်ရှိရာသို့ အပြေးတစ်ပိုင်း သွားရ၏။
စောင်းတန်းအဝင်အဝသို့ ဦးစွာ လျစ်ခနဲရောက်သွားသော ခမ်းနောင်သည် အနောက်မှပါလာသော ရစ်ချက်အား ပြုံးလျက်လှည့်ကြည့်သည်။

"ပုံမှန်လေးလျှောက်နေတော့ ခြေဖဝါးတွေပူတာပေါ့၊ ဆရာရဲ့။ အမြန်လျှောက်တာမဟုတ်ဘူး။ မပူဘူးလား"

"ရပါတယ်၊ ခမ်းရဲ့"

စိတ်ကလေး ကြည်လင်နေပုံရသော ရစ်ချက်သည် ခမ်းနောင်အား ပြန်၍ ရယ်မောလာ၏။ ပြီးနောက်တွင် စိုင်းလုံ၏အသံထ့်က်ပေါ်လာသည်။

"ဝင်ကြရအောင်လား"

စောင်းတန်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် စိမ်းညို့သော ရေကန်ကြီးနှစ်ကန်ရှိသည်။ ရေကန်အတွင်းတွင် ရွှေရောင်ငါးကြီးများ ရှိနေ၏။

Beautiful MYANMAR [Book (1)]Where stories live. Discover now