ရွန်းတောင်ထိပ်မှ ကြည့်လျှင် စီးမိုးမြင်နေရသော ဟားခါးမြို့သည် တိမ်များအကြား ငြိမ်သက်လှပနေတတ်သည်။ သူတို့ဖြတ်သန်းခဲ့ပြီးသော ဖလမ်းကိုလည်း ဟိုးအဝေးတွင် မှုန်ရီပျပျမြင်ရသည်။ လှေကားထစ်စိုက်ခင်းများ၊ ဟားခါး၏ အိမ်စုစီရရီကလေးများ၊ တောင်ယာစိုက်ခင်းများအား တောင်ကြောတဖက်မှတက်လာသော တိမ်မြူပြင်ကြီးဖုံးလွှမ်းသွားသည်မှာ သိပ်ကိုလှပသည်။
ထိုတိမ်မြူပြင်ကြီးအောက်သို့ ရောက်ရှိသွားသည့် ဟားခါးမြို့ကလေးသည် အေးစိမ့်ဝေဝါး၍ အိပ်မက်ဆန်သော မြို့ကလေး ဖြစ်သွား၏။"တနင်္ဂနွေ ချာ့ချ်ကျောင်း တက်မှာလား၊ဆရာ"
"အခြေအနေအရပဲ၊ခမ်း။ အချိန်ရရင်ပေါ့"
သူတို့တည်းခိုသည့်နေရာသည် မြို့၏အမြင့်ပိုင်းတွင် တည်ရှိနေသဖြင့် နိမ့်ဆင်းသွားသည့် အိမ်ကလေးများ၊ အဝေးရှိ တောင်စဥ်တန်းများအား မြင်တွေ့နေရသည်။
နောက်တစ်နေ့ တနင်္ဂနွေနံနက်ခင်းတွင် သူတို့ တည်းခိုသည့်အိမ်မှ ဆိုင်ကယ်တစ်စီးငှားကာ ချာ့ချ်ကျောင်းဆီသို့ ထွက်ခဲ့ကြသည်။ ဟားခါးရုံးချုပ်သို့ သွားစရာပေါ်လာသည့် စိုင်းလုံမှာ သူတို့နှင့်မလိုက်နိုင်။
မြို့အတွင်းရှိ ခရစ်ယာန်ကိုးကွယ်သူတို့သည် ဤကဲ့သို့နေ့မျိုးတွင် သန့်ပြန့်သပ်ရပ်စွာ ဝတ်စားကြလျက် နီးစပ်ရာ ဘုရားကျောင်းများသို့ လာရောက်လေ့ရှိကြသည်။ တောင်စောင်း၌ မေးတင်ထားသော မြို့ကလေးသည် အေးဆိတ်စွာ အသက်ဝင်လျက်ရှိနေပြီ။ မြို့တွင်းလမ်းမများတွင် သွားလာလှုပ်ရှားမှုများ ရှိနေသော်လည်း ရှုပ်ယှက်ခတ်မနေ။ ဟားခါးဈေးသည် ဈေးရောင်းဈေးဝယ်များဖြင့် စီလို့နေပြီ။"အပြန်ကျ ဈေးမှာ ခဏရပ်ပေးပါလား၊ဆရာ။ "
"အင်း"
ချာ့ချ်ကျောင်း၏ အမိုးစွန်းသည် တိမ်များကြောင့် ဝေရီနေ၏။ ကျွန်းတံခါးမကြီးအား တွန်းဖွင့်လိုက်သောအခါ အနွေးဓာတ်ကလေး လှိုက်သွား၏။ ဘုန်းတော်ကြီး၏ တရားသံသည် ညင်သာစွာ ထွက်ပေါ်နေသည်။
ရစ်ချက်သည် နောက်ဆုံးခုံတန်း၌ပင် တိတ်တဆိတ် ဝင်ထိုင်လိုက်သောကြောင့် ခမ်းနောင်လည်း ရစ်ချက်ဘေးတွင်ပင် ဝင်ထိုင်လိုက်ရသည်။
YOU ARE READING
Beautiful MYANMAR [Book (1)]
Randomဘယ်အရာကိုမှ မယုံချင်လျှင်တောင်မျှ ပင်လယ်ပြာတွေကိုတော့ ယုံသင့်ပါရဲ့။ Start - 8.6.2021 End. -