ရှမ်းပြည် (၇)

26 3 1
                                    

အဆိုတော်ဘိုဖြူ၏ လင်းခေးအဝင်သီချင်းသံသည် ခမ်းနောင်တို့ကားကလေး၏ရေဒီယိုမှ သာယာစွာထွက်ပေါ်နေ၏။ နေရောင်ခြည်နုနုနှင့် လေပြေသဲ့သဲ့တို့သည် လမ်းတစ်ဖက်တစ်ချက်ရှိ အစိမ်းရောင်လွင်ပြင်များအား လှိုင်းကလေးများဖြစ်ပေါ်စေကာ အရောင်လက်နေစေ၏။ နီးလေမြင့်လေသော တောင်တွေအား အဆင့်ဆင့်ဖြတ်ကျော်လာသော ခမ်းနောင်တို့ကားကလေးသည် အရှိန်ဖြင့်ခရီးနှင်နေပါ၏။

အင်းလေးမှအပြန် လင်းခေးသို့ဆင်းချင်သည့်ခမ်းနောင်ကြောင့် သူတို့သုံးဦးသား လင်းခေးသို့ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ စိုင်းလုံနှင့်ရစ်ချက်တို့သည် မနက်သုံးနာရီကတည်းက ကားမောင်းလာခဲ့ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေ၏။ ရစ်ချက်နှင့် နေရာလဲပြီးမောင်းခဲ့သေးသော်လည်း လမ်းပြရမည့်စိုင်းလုံမှာ မအိပ်ရ။
ရစ်ချက်သည် ကားပြတင်းမှ တိုးဝင်လာသော လေပြေတို့ကြောင့် မှိတ်ထားသော မျက်လုံးတို့အား ဖွင့်လိုက်၏။ ပြောခဲ့ဖူးသည့်အတိုင်း ရှမ်းပြည်သည် အစိမ်းတို့၏နယ်မြေပင်မဟုတ်ပါလား။
ဆီးကာထားသော ခပ်ညို့ညို့အစိမ်းရောင်တောင်တန်းကြီးတွေနှင့် ကားလမ်းဘေးတစ်ဖက်တစ်ချက်ရှိ အစိမ်းရောင်လွင်ပြင်တို့။ ကွက်ကြားကွက်ကြားထွက်ပေါ်နေသည့် အရောင်စုံတောပန်းကလေးတွေ။

ဘေးသို့ငဲ့ကြည့်လိုက်သောအခါ ဇက်ကျိုးအောင် အိပ်ပျော်နေသော ခမ်းနောင်အားတွေ့ရသည်။ လေတိုးတိုင်း ဝေ့ဝဲသွားသည့် နဖူးပေါ်မှ ဆံစကလေးများနှင့် ဤကောင်လေးသည် ပကတိကလေးအတိုင်း။

"စိုင်းလုံ၊ မောင်းပေးရဦးမလား"

"ရတယ်၊ရစ်ချက်။ ရောက်တော့မယ်"

ထိုအခါမှ ဘေးရှိ ဇက်ကျိုးမတပ်ဖြစ်နေသော ကောင်လေး၏ခေါင်းအား ဖွဖွထိန်းမကာ ခရီးဆောင်ခေါင်းအုံးကလေးညှပ်ပေးလိုက်၏။
ထိုအခါမှ လှုပ်ရှားလာသော မျက်တောင်စိပ်စိပ်ကလေးတွေနှင့်အတူ မျက်လုံးလေးပွင့်လာသော်လည်း နေရောင်ခြည်ကြောင့် ချက်ချင်းပြန်မှိတ်သွား၏။ ထို့နောက် မျက်လုံးအား လက်ဖြင့်ဖိပွတ်ကာ သေချာပြန်ဖွင့်ကြည့်၏။
ကားပြတင်းမှတဆင့်မြင်နေရသော ဘေးရှိမြင်ကွင်းအားမြင်သောအခါ ခမ်းနောင်၏မျက်လုံးကလေးများ ဝိုင်းသွားသည်။ ရှမ်းပြည်အား နေရာစုံလောက်အောင်ရောက်ဖူးနေသော်လည်း လင်းခေးကိုတော့ဖြင့် ခမ်းနောင်အခုမှရောက်ဖူးခြင်းဖြစ်သည်။
ကားမှန်ဘောင်အား လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ကာ အပြင်ဘက်သို့ ခေါင်းပြူထွက်လိုက်သည်။
တိုးဝှေ့တိုက်ခတ်နေသောလေသည် ခမ်းနောင်၏ဆံစကလေးများအား စက္ကန့်မလပ် လှုပ်ခတ်နေစေသည်။

Beautiful MYANMAR [Book (1)]Where stories live. Discover now