အမ်းတောင်ကြောကားလမ်းအကွေ့အကောက်များထက်တွင် ခမ်းနောင်တို့ကားကလေး ရိပ်ရိပ်ပြေးနေ၏။ အဆင်းအတက် အကွေ့အကောက်များသော်လည်း ချင်းတောင်တွေပေါ်ဖြတ်သန်းခဲ့ရဖူးသော ခမ်းနောင် ကားမူးမနေတော့ပေ။
ခမ်းနောင် အနည်းငယ် စိတ်ကြည်နေပုံရသည်အား စိုင်းလုံသတိထားမိသည်။ ကားအတွင်းရေဒီယိုမှ ပျံ့လွင့်နေသော သီချင်းတို့အား တိုးတိုးလိုက်ညည်းနေသကဲ့သို့ တစ်ခါတရံ ဖွဖွကလေးပြုံးလို့နေသည်။" ဟိုမှာ ကျွန်တော့် သူငယ်ချင်းပိုင်တဲ့ အိမ်ရှိတယ်။ သူတို့ကတော့ ရန်ကုန်မှာနေတာ၊ ဒီမှာ ဘယ်သူမှမနေဘူး။ ဒါကြောင့် ကျွန်တော့် အကူအညီတောင်းထားတယ်။ သတိထားမိသလောက် ရစ်ချက်က သီးသန့်ဆန်တာကို ကြိုက်သလားလို့။ "
အင်းတော်ကြီးနှင့် ချင်းပြည်နယ်က ဟိုတယ်တွင်မတည်းပဲ သူတို့နှင့်အတူ အသိအိမ်၌ လိုက်တည်းခဲ့ဖူးသည့် အကြောင်းအား သတိရ၍ စိုင်းလုံပြောလိုက်သည်။
" သီးသန့်ဆန်တယ်ရယ်မဟုတ်ပါဘူး။ ဒီတိုင်း ဆက်တိုက် ဟိုတယ်ကြီးပဲက ရိုးနေပြီလေ"
"ဟဟ အမြဲတည်းနေရတဲ့သူဆိုတော့လည်း ပြောအားရှိတာပေါ့ဗျာ"
စိုင်းလုံနှင့် ရစ်ချက်၏ရယ်သံတို့ ကားထဲလွှမ်းသွားသည်။
" ပင်လယ်နားမှာလား ကိုစိုင်း"
နောက်ခန်းရှိ ခမ်းနောင်ဆီမှ အမေးရှိလာသောအခါ စိုင်းလုံခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်၊ ဟိုတစ်ခါ သီဟ ပုံပြဖူးတယ်လေ ။ အဲ့အိမ်"
" ဒီလိုဆို လှမှာပဲ။ ဆရာသိလား ကျွန်တော် အဲ့အိမ်ကိုပုံထဲမှာပဲ မြင်ဖူးတာတောင် အတော်သဘောကျတာ။ အိပ်ခန်းကလှမ်းကြည့်လည်း ပင်လယ်ကိုမြင်ရတယ်တဲ့၊ အုန်းပင်တွေလည်းရှိသေးတယ်၊ လင်းလင်းချင်းချင်းလည်းရှိတယ်"
" ခမ်းနောင်တောင် သဘောကျတယ်ဆိုတော့ အတော်လှမယ်ဆိုတာ ကိုယ်ယုံပါတယ်"
ထိုအခါ ခမ်းနောင်ပြန်ငြိမ်သွားပြန်သည်။
သူတို့သည် မိုးချုပ်ခါမှ ငပလီသို့ရောက်ရှိခဲ့ကြသည်။
လဆုတ်ရက်နီး၍ လရောင်ပျောက်နေသောကြောင့် သူတို့ ပင်လယ်အားမမြင်ရ။ အသံသာကြားရသည်။ ခြံကလေးထဲ ကားကွေ့ဝင်လိုက်သည့်အခါ လှိုင်းသံတရွေ့ရွေ့မှာ ပို၍ပင် ပီသလာသည်။
စိုင်းလုံသည် အိမ်ထဲသို့ ဦးဆုံးဝင်ကာ မီးများဖွင့်လိုက်သည်။ လင်းချင်းသွားသော အဖြူရောင် တစ်ထပ်တိုက်ကလေးသည် ချစ်မြတ်နိုးစရာလင်းလို့လာသည်။
YOU ARE READING
Beautiful MYANMAR [Book (1)]
Randomဘယ်အရာကိုမှ မယုံချင်လျှင်တောင်မျှ ပင်လယ်ပြာတွေကိုတော့ ယုံသင့်ပါရဲ့။ Start - 8.6.2021 End. -