မြေပြင်ပေါ်မှာ လမ်းလျှောက်ထွက်ချင်နေတဲ့ တိမ်တစ်စရဲ့ အိပ်မက်တွေလို...
မင်းဟာ ပြာရီမှုန်ဝါးနေပါလားအချစ်ရယ်...။•••
စိမ်းညို့နေသော ကနေဒီတောင်သည် မိုးရာသီ၏ စွတ်စိုသော တိမ်ငွေ့များအကြား အုပ်မှိုင်းလျက်ရှိသည်။ အပေါ်သို့ရောက်လေ ပို၍ စိမ့်တက်လာသော အအေးဓာတ်အား အောက်မှနေ တရွေ့ရွေ့တက်လာကာ အုပ်ဆိုင်းသွားတတ်သော တိမ်များက ပါဝင်အားဖြည့်ပေးနေပြန်၏။
"ပန်းတွေ၊ လိပ်ပြာတွေ၊ အတော်စုံ၊အတော်လှတယ်။ အချို့နိုင်ငံခြားသားဧည့်သည်တွေဆို ပန်းတွေ၊ လိပ်ပြာတွေသီးသန့်ကြည့်ဖို့ လာကြတာရှိတယ်"
ဒေသခံလမ်းပြကောင်လေးမှာ ရှေ့မှ ဦးဆောင်သွားနေရာမှ လှမ်းပြောပြနေ၏။
"တောင်ဇလပ်တွေကတော့ ရာသီမဟုတ်တော့ မပွင့်သေးဘူးရယ်။ "
"စိတ်မကောင်းစရာပဲ၊ရစ်ချက်။ ကနေဒီက တောင်ဇလပ်ရာသီရောက်ရင် သိပ်လှတာ။ တောင်တစ်ကြောလုံး နီလို့စွေးလို့ပဲ"
စိုင်းလုံကပါ ဒေသခံကောင်လေး၏စကားနောက် ဝင်ပြောသောအခါ ရစ်ချက်က မြေကပ်ပန်းအချို့အား ဓာတ်ပုံရိုက်ယူနေရင်းမှ နှုတ်ခမ်းတွန့်ရုံ ပြုံး၏။
"ခုတော့ ဘယ်တတ်နိုင်မလဲ။ ပွင့်မယ့်ရာသီကျ တစ်ခေါက်ထပ်လာရုံပေါ့"
ရစ်ချက်စကားအား စိုင်းလုံက လိုက်ရယ်သော်လည်း အနောက်ရှိ ခမ်းနောင်မှာတော့ စိတ်ပေါ့ပါးစွာလိုက်မရယ်နိုင်။ သက်ပြင်းချသကဲ့သို့ ဟင်းခနဲထွက်လာသော ရယ်သံတစ်ချက်အား မောနေသော နှလုံးကြောင့်ဟုသာ သူ လွှဲချလိုက်သည်။
"ဟိုမှာ... နွားနောက်နှစ်ကောင်"
ဒေသခံကောင်လေး လက်ညိုးထိုးပြရာသို့ သူတို့သုံးဦးစလုံး လိုက်ကြည့်လိုက်ကြသည်။ နွားနောက်တို့မှာ မြေပြန့်ကနွားတွေကဲ့သို့ မဟုတ်။ မဲနက်ထွားကျိုင်းကာ ဂျိုကားသည်။
"ဒီတိုင်းလွှတ်ထားတာလား"
"ဟုတ်တယ်၊ရစ်ချက်။ ဒီက အများစုက နွားနောက်တွေကို ဒီလိုပဲလွှတ်ထားကြတယ်"
YOU ARE READING
Beautiful MYANMAR [Book (1)]
Randomဘယ်အရာကိုမှ မယုံချင်လျှင်တောင်မျှ ပင်လယ်ပြာတွေကိုတော့ ယုံသင့်ပါရဲ့။ Start - 8.6.2021 End. -