Zawgyi Version
မောင်ကျောင်းမတက်တော့ကတည်းက အိမ်ပြန်လမ်းဟာ ကိုယ်တစ်ယောက်တည်းရဲ့ခြေရာတွေနဲ့သာ ထင်ကျန်ရစ်လို့...။
အခုဆို ကိုယ့်ရဲ့အထက်တန်းကျောင်းတောင်ပြီးတော့မည်...။
ဒီနှစ်တွေအတွင်းအိမ်ရဲ့စီးပွားရေးကတော့ နည်းနည်းလေးမှကိုတိုးတက်မလာခဲ့...။
အမေ့ရဲ့ကျန်းမာရေးကလည်း ပိုပိုသာဆိုးရွားလာခဲ့သည်...။
အခုဆို အိပ်ရာထဲကနေတောင် မထနိုင်တော့...။
ဆေးရုံတင်မှရမှာဖြစ်လို့ မောင်ဟာအလုပ်တွေကိုအရင်ကထက်ပင်ပိုလုပ်လာခဲ့လေသည်...။
နားချိန်ဆိုတာမရှိတဲ့အထိ...။အလုပ်တွေနဲ့ပင်ပန်းနေတဲ့မောင့်ကိုမကြည့်ရက်လို့ မောင်မသိအောင် အချိန်ပိုင်းအလုပ်တစ်ချို့ဝင်လုပ်ခဲ့ပါသေးသည်...။
ဒါပေမယ့် ကံမကောင်းစွာပင်မောင်ကသိသွားခဲ့သည်...။
မောင်သိသွားတဲ့နေ့က ဘဝမှာတစ်ခါမှရန်မဖြစ်ဖူးတဲ့ ကိုယ့်နဲ့မောင်...၊ ထိုနေ့ကအကြီးအကျယ်ရန်ဖြစ်ခဲ့ကြ၏...။
'မောင်ရှာပေးနေတာမလောက်လို့လား...!? မင်းမောင့်ကိုမယုံလို့လား...!?' ဆိုသည့်မောင့်စကားတွေကြောင့် ကိုယ့်မှာထိုနေ့ကစပြီးအချိန်ပိုင်းအလုပ်ဆက်မလုပ်ရတော့...။
သို့သော် ကိုယ်နားလည်ပါသည်...၊ ကိုယ့်ကိုမပင်ပန်းစေချင်တဲ့စိတ်နဲ့ပြောတဲ့ စကားတွေဆိုတာ...။အခုတော့ အထက်တန်းပြီးတော့မယ်ဆိုတော့ မောင့်ကိုမရမကနားချပြီး အလုပ်လုပ်မှရတော့မည်...။
ဒါမှလည်း ကိုယ့်ကြောင့်ပင်ပန်းနေတဲ့မောင်နဲ့ ကျန်းမာရေးမကောင်းတဲ့အမေ့ကို ကူညီရာရောက်မှာမို့...။ကိုယ့်အတွေးနဲ့ကိုယ်အိမ်ဆီ ဖြည်းညင်းစွာလျှောက်လာခဲ့ရင်း အိမ်ရှေ့ရောက်လို့ခြံတံခါးကိုဖွင့်မယ်အပြု...
"ဟို...ဒီမှာ ကောင်လေး..."
လူတစ်ယောက်ရဲ့ခေါ်သံကြားလိုက်ရသည်မို့ အနောက်ပြန်လှည့်ကြည့်မိတော့ လွယ်အိတ်တစ်လုံးလွယ်ထားပြီး အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ ထိုလူ...။
ရုပ်ရည်ကတော့သန့်သန့်ပြန့်ပြန့်ပါဘဲ...။"ကျွန်တော့်ကိုခေါ်တာလားမသိဘူး..."
"ဟုတ်ပါတယ်...၊ ဟျောင်းက မင်းကျောင်းဆင်းကတည်းက မင်းနောက်လိုက်လာခဲ့တာပါ..."