Zawgyi Version
"သား....အမေဆိုင်သွားလိုက်ဦးမယ်နော်..၊ ထယ်လေးကို အဖော်လုပ်ပေးလိုက်ဦး...၊ ကလေးကအမြဲတမ်းတစ်ယောက်တည်းငိုင်နေတာပဲ..."
"ဟုတ်ကဲ့ပါ အမေ..."
ကိုယ့်ကိုမှာစရာရှိတာမှာပြီးဆိုင်ကိုထွက်သွားပြီဖြစ်သော အမေ...။
အမေ့စကားကြောင့် မီးဖိုချောင်ထဲဟင်းချက်နေရာကနေ ဧည့်ခန်းဆီ အပြေးလေးထွက်လာခဲ့လိုက်တော့ ယောင်းက ဧည့်ခန်းထဲရှိထိုင်ခုံပေါ် ငေးငေးငိုင်ငိုင်လေးထိုင်နေလေသည်...။အဖေဆုံးပြီးကတည်းက ဆွေမျိုးအရင်းအချာတစ်ယောက်မှမရှိတော့သောယောင်းကို ကိုယ်နဲ့အမေက အိမ်မှာခေါ်ထားခဲ့သည်...၊ မိသားစုဝင်အဖြစ်နဲ့ပေါ့...။
ဘေးက ယောင်းတို့အိမ်ကိုလည်း ရတဲ့ဈေးနဲ့အမြန်ရောင်းခဲ့ရသည်လေ...။
ကိုယ်တို့ဆီမှာ ပိုက်ဆံများများစားစားမှမရှိတာ...။အဖေဆုံးသွားပြီးမကြာဘူး၊ အဖေနဲ့အတူနေခဲ့တဲ့အိမ်လေးကိုလည်းဆုံးရှုံးလိုက်ရတော့ ယောင်းခမျာတော်တော်ခံစားနေရရှာတာ...။
တစ်နေ့ တစ်နေ့ ထိုင်ပြီးမှိုင်တွေနေတော့တာပဲ...။
စကားဆိုလည်းအရင်ကလို ပွစိလန်အောင်ပြောတဲ့ ယောင်းမဟုတ်တော့ဘဲ တစ်ခွန်းမေး၊ တစ်ခွန်းဖြေလောက်သာ ပြောတော့သည်...။
အရင်ကဆို သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ယောင်းက အခုလို ငြိမ်နေတဲ့အခါ ကိုယ်တကယ်မနေတတ်ပါပေ...။
ဒါ့ကြောင့် ယောင်းစိတ်ပြောင်းနိုင်မယ့်အရာလေးတွေ လိုက်လုပ်ပေး၊ စိတ်ပြေလက်ပျောက်ဖြစ်အောင်အပြင်ကိုခေါ်သွားပေးသော်လည်း ဘာမှမထူးလာ...။ကြာရင် ယောင်းအခြေအနေကစိတ်ပူစရာ...။
ယောင်းအပြုံးလေးတွေ ထပ်မြင်လာရအောင် ကိုယ်ဘယ်လိုလုပ်ပေးရပါ့...။
ယောင်းပြန်ပြီးပျော်ရွှင်လာအောင် မောင်ဘယ်လိုလုပ်ပေးရင်ကောင်းမလဲ မောင့်ကောင်လေးရယ်...။ခေါင်းငိုက်စိုက်ချထားရင်း တစ်နေရာတည်းကိုပဲစိုက်ကြည့်နေသော မျက်နှာညိုးညိုးလေးကိုကြည့်ကာ စဉ်းစားရင်း စဉ်းစားရင်း သတိရမိသွားသည့် နည်းလမ်းတစ်ခု...။
ဒီနည်းလမ်းလေးတော့ အဆင်ပြေနိုင်ကောင်းလောက်ပါရဲ့...။
ငယ်ငယ်တုန်းက အလုပ်ဖြစ်ခဲ့ဖူးတယ်လေ...။