အပြင်ဖက်တွင် မိုးဖွဲဖွဲလေးရွာကျနေသည်။အလုပ်ပျက်အကိုင်ပျက်ရုံလောက်သာ မဆိုစလောက် ရွာနေခြင်းပင်တည်း။
ဤ အိမ်ကလေးထဲရှိ အခန်းငယ်တစ်ခုတွင်တော့ လူတွေက ကြိတ်ကြိတ်တိုးနေကြသည်။တစ်ယောက်မှတော့ ပျော်လို့ရွှင်လို့ရောက်နေခြင်းမဟုတ်။အဘိုးကြီး၏ နောက်ဆုံးအချိန်ကို မှီနိုင်ရန် သားသမီး မြေးမြစ်များက ကြိတ်ကြိတ်တိုးနေကြခြင်းတည်း။
အဘိုးကြီးမှာ ညို့ အဘိုး အရင်းခေါက်ခေါက်ကြီးဖြစ်သည်။သို့သော် ညိုတို့မောင်နှမများအပေါ် ဒီလူကြီးကဘယ်တုန်းကမှ ချစ်ခင် ကြင်နာခြင်းမပြုခဲ့။
ကြမ်းကြမ်းရမ်းရမ်းနိုင်လှသဖြင့် သူတို့အားလုံး ဒီအဘိုးကြီးကိုကြောက်ခဲ့ရသည်။အခုတော့ ဒီ သတ္တဝါကြီး သေရတော့မည်။ညို့စိတ်ထဲတွင် လှိုက်ခနဲ ပျော်သွားသည်။ဒီကောင်ကြီးသေသွားရင် ငါတို့တော့ လွတ်လပ်ရေးရတာပဲ ဟုလည်း တွေးနေမိသည်မှာ အမှန်ပင်။အခန်းကျဉ်းလေးထဲတွင် လူတစ်ဒါဇင်အထက် ၀င်တိုးနေကြသဖြင့် ပြည့်ကြပ်နေသည်။
လူမမာကြီးကတော့ တစ်လုံးတည်းသော သစ်သားကုတင်လေးပေါ်တွင် လှဲလျောင်းနေသည်။သူတို့ညီအစ်မများအားလုံး ဒီအဘိုးကြီးကိုကြောက်ကြသည် ထက် ကြိတ်၍မုန်းနေကြသည်က ပိုသည်။မြေးအရင်းခေါက်ခေါက်များကို မကြင်နာရုံ မဆိုထားနှင့် ခိုင်းစရာပြုစရာရှိလျှင်တောင် 'ဟဲ့ကောင်မတွေ ခွေးမလေးတွေ' စသဖြင့် နှုတ်ကြမ်းအာကြမ်းဖြင့် ရက်ရက်စက်စက်ခိုင်းစေတတ်သည်မဟုတ်လား။
ထိုမျှမကသေး အခန်းထောင့်ရှိ ကြိမ်တုတ်များ၊ ဝါးခြမ်းပြားတို့မှာလည်း သူတို့ညီအစ်မများကို လိမ္မာရေးခြားရှိစေရန်ဟုဆိုကာ အသင့်ဆောင်ထားခြင်းပင်။အဖေနှင့် အမေမှာလည်း သူတို့အလုပ်နှင့်သူတို့သာ ရှုပ်နေကြသဖြင့် ကလေးများကို တစ်သက်ပတ်လုံး ဂရုစိုက်မအားခဲ့။မိမိကိုယ်ကို အဖော်ပြုလျက်သာ ဒီအရွယ်အထိ ကြီးပြင်းလာခဲ့ကြရသည်ပင်။
ညို့ ဘေးနားရှိထိုင်ခုံလေးတွင် မဆံ့မပြဲထိုင်နေသော ခပ်ဖိုင့်ဖိုင့်အမျိုးသမီးကြီးက တရှုပ်ရှုပ်စငိုသည်။အဘိုးကြီးမှာ ဝေဒနာ ဒဏ်ကြောင့် သစ်သားကုတင် အနိမ့်လေးပေါ်တွင် လူးလွန့်နေရသည်။သေအံ့ဆဲဆဲ လူတစ်ယောက်၏ မျက်လုံးထဲတွင် အလင်းရောင်တို့မှာ ဆုပ်ဆုပ်ကိုင်ကိုင် မရှိလှေတာ့။ကော့လန်နေသော ခန္ဓာကိုယ် ခပ်ပိန်ပိန်မှာ တစ်ခါတစ်ရံ ဆတ်ခနဲ ရုန်းကာ ထထ လာတတ်သည်။ညို့ အဖေနှင့် ဦးလေးမောင်က အဘိုးကြီးကို ကုတင်တစ်ဖက်တစ်ချက်ဆီမှ ချုပ်ထားရသည်။
YOU ARE READING
နွယ်
Mystery / ThrillerThe untold urban legend coming up with those real horrors and sanity that frightens us between midnights. This is an age-rated thriller fiction and not for those who has heart attacks and insomnias.