chapter 2 part 02

446 46 12
                                    

   ၁၅.၁၁.၂၀၁၇
-------

   တောတောင်တို့နှင့် ကွင်းပြင်ကျယ် တို့ကို ကျော်ဖြတ်ခုတ်မောင်းဆဲ ရထားတစ်စင်းမှာ သူသွားနေကျ ရထားလမ်းကလေးပေါ်တွင် အဟုန်အပြည့်နှင့် ချီတက်လျက်ရှိသည်။

    ပြာလဲ့လဲ့ ကောင်းကင်ထက်၌ မိုးသားတိမ်ဖြူများက ဆုပ်ကြဲခံထားသလို ဟိုတစ်ကွက်ဒီတစ်ကွက်။ နေရောင်ခပ်ကြဲကြဲက ရထား ပြတင်းပေါက်ကို တစ်ချက်တစ်ချက် လှမ်းထိုးလျက်။

     နှင်းကတော့ လေတဟူးဟူးတိုက်နေသည်ကိုမကြိုက်။လေတိုးသည့်ဒဏ်ကြောင့် သူမ ပါးကလေးများပင် နီစပ်စပ် ဖြစ်နေပြီမဟုတ်လား။

    သူမဘေးထိုင်နေသော သူငယ်ချင်းမ မိုးဧကရီမှာ စကားဖောင်ဖွဲ့၍မပြီးနိုင်တော့။ထိုစာရေးဆရာမနှင့် ခရီးထွက်လာမိတာ မှားပြီဟု ဆယ့်နှစ်ကြိမ်မြောက် ထပ်‌တွေးမိလေ၏။

   "ဟဲ့ နှင်းရေ နင်သိလား  အရင်တုန်းက ကုန်းဘောင်ခေတ်က ပုဂံဘုရားအရေအတွက်ကို ဖြူရွှေလို၀င်း-၄၄၄၅ လို့မှတ်ထားတာတဲ့"

    သူ့စကားတို့က ဒီဖက်နားမှ၀င်လျှင် ဟိုဖက်နားမှ လေအဟုန်နှင့်အတူပြန်ထွက်သွားလေသည်။

     ပုဂံသို့ ထွက်လာသည့် ဤခရီးစဉ်‌တစ်လျှောက်လုံး ထိုအမိစကားပြောလာသည် မှာ နားထောင်ရသူပင် မခံနိုင်တော့။အစကတော့ အင်း အဲ လိုက်နိုင်သော်လည်း နောက်ပိုင်း၌ ထိုမျှပင် ပြန်မပြောချင်တော့။

   "အဲ့တာနောက်ကျ အင်း၀မင်းလက်ထက်မှာ ၀င်း၀င်းထိန်လျှံ-၄၄၇၄ ဆိုပြီးမှတ်တယ်တဲ့ ခုတော့ နောက်ဆုံး စစ်တမ်းတွေက ၃၈၂၂ တဲ့"

    စကားလုံးများကို ကြားတစ်ချက်မကြားတစ်ချက်။သူမတို့ ဦးတည်နေသည်က အနုရာဓရွာ(မြင်းကပါရွာ) သို့ဖြစ်လေ၏။မြို့ဟောင်းနှင့်မြို့သစ်ကြားတွင် လှပစွာ တည်ရှိနေသော ထိုနေရာကလေးသို့ မိုးဧကရီက ကုန်ကြမ်းသွားရှာမည်ဟု ဇာတ်လမ်းစခဲ့ခြင်းပင်။

     ပုဂံ ချောက် ကားလမ်းမဘေးတွင် တည်ရှိသော ထို နေရာကလေးသို့ ဟိုရောက်မှ ဘူတာကတစ်ဆင့် ကားထပ်စီးရမည်ဖြစ်သည်။နှင်းက ဟိုတယ် ၌ တစ်ညနားချင်သေးသည်။

နွယ်Where stories live. Discover now