chapter 4 part 01

189 22 3
                                    

----------------

    မြန်မာသက္ကရာဇ်၁၂၈၅ခု ဝါခေါင်လဆန်း ၈ (ခရစ်နှစ် ၁၉၂၃)
-----

   ၀န်းကျင်မှာဆိတ်ငြိမ်လှပေစွတကား။မြင်းညို တစ်လက်ပေါ်မှ လူရွယ်တစ်ဦးမှာ ခပ်ဝေးဝေးရှိ တောင်ကုန်းကြီးဆီသို့ လှမ်းမျှော်ငေးလျက်...
    မှုန်ပျပျမြင်ကွင်းက ရီဝေဝေအတွေးတို့ကို ပျောက်ပျက်သွားစေရန်မစွမ်းသာ။ပို၍ပြတ်သားထင်ရှားလာသော သူ့ဆုံးဖြတ်ချက်တို့ကို နှုတ်ခမ်းပါးပေါ်မှ အပြုံးတစ်စက သက်သေထူပေးနေ၏။

     အနှီလူရွယ်၏ အသွင်အပြင်ကား လွန်စွာမှ ခံ့ညားတည်ငြိမ်နေလေ၏။ဆံနွယ်အခွေအလိပ်တို့ကို ခပ်တိုတို ရိတ်ဖြတ်ထားကာ မျက်ခုံးကောင်းကောင်းနှင့် လွန်စွာမှ တည်ကြည်သော အသွင်ကိုဆောင်၏။လေစိမ်းက လှစ်ခနဲ တိုက်ခတ်သွားလျှင် ခန္ဓာတစ်ခုလုံး အေးမြသွားသော်ငြား ရင်တွင်းမှ ပူလောင်ချင်လာသလိုလို...

     ရံဖန်ရံခါမှ ထွက်ပေါ်လာသော အပြုံးတို့မှာလည်း ယောက်ျားကောင်းမာန်အပြည့်နှင့်။ယခုအချိန်တွင်တော့ သူ၏ အတွေးတို့မှာ ခံစားချက်ပေါင်း သောင်းပြောင်းရောထွေးလျက် ရှုပ်ယှက်ခတ်နေသည်မို့ မျက်နှာက ဇဝေဇဝါဖြစ်နေသည့် အသွင်ကို ပြုနေသည်။

     သို့သော်ငြား သူပြုံးနေပါသည်...နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးနေပါသည်။

     ဤလူရွယ်က မြင်းကို ခပ်သော့သော့နှင်ကာ ထိုကုန်းမြင့်ပေါ်သို့ တက်လာခဲ့သည်။တောင်လေအေးအေးက ခပ်လှပ်လှပ် ပင့်ကာတိုက်လိုက်လျှင် သူ၏ ခြုံထည်ကြီးမှာလည်း တလူလူလွင့်ကာနေတော့၏။
     သူ၏ ဦးတည်ရာကား ထိုကုန်းမြင့်ကြီးပေါ်မှ ဆောက်လက်စ စံအိမ်တော်ကြီးထံသို့။

    ယခင်က ဇရပ်ကြီး တည်ထားသော နေရာတွင် အိမ်အသစ်ကြီးဆောက်နေကြခြင်းဖြစ်သည်။လွန်စွာမှ ကြီးမားလှသော ထုထည်ကြီးကို ဖန်တီးနေကြသည်မို့ သူတို့ မြို့အုပ်မင်း အိမ်တော် ထက်ပင် ဟိတ်ဟန်ကြီးသေးသည်။
     လွန်လေပြီးခဲ့သော စစ်ကြီးအတွင်း ထိုဇရပ်ကြီး၌ လူနာများ၊အလောင်းများပုံထားရကာ ခပ်ဝေးဝေးမှပင် အနံ့မှာ ခံနိုင်ဖွယ်မရှိ။စစ်ကြီးပြီးလျှင် ဤကုန်းကြီးမှာ ကျိန်စာသင့်နေပြီဟု နာမည်တွင်ကာ မည်သူမျှ အနားမကပ်ရဲကြ။

နွယ်Where stories live. Discover now