Unicode
မမနှင့်ကျွန်တော် တွေ့ဆုံပုံက သိပ်ကို ရိုးရှင်းလွန်းခဲ့သည်။ ရိုးရှင်းလွန်း၍ ခက်ခဲတဲ့ ပုစ္ဆာတွေ မမှတ်မိနိုင်သော ကျွန်တော်၏ မှတ်ဉာဏ်ထဲတွင် စွဲမြဲနေခဲ့သည် ထင်၏။
ကျွန်တော်သာ Ko San သွားနေကျအတိုင်း သွားဖြစ်ခဲ့လျှင် မမနှင့် တွေ့နိုင်မည်မထင်။အဲ့သည်နေ့က သူငယ်ချင်းမစုံ၍ ထူးထူးခြားခြား Shakeဆိုတဲ့ ဆိုင်လေးထဲကို ကျွန်တော့်ခြေလှမ်းတွေ ဦးတည်ခဲ့သည်။
ရင်ဖုံးအဖြူနှင့်ပါတိတ် ဝတ်ထားပြီး လက်ထဲက စာအုပ်ပေါ်မှာပဲ အာရုံစိုက်ထားတဲ့ အမျိုးသမီးဟာ ရွေးချယ်စရာ ခုံတွေအများကြီးထဲက ကျွန်တော်ရွေးချယ်ခဲ့တဲ့ ခုံရဲ့ မျက်နှာချင်းဆိုင်တည့်တည်မှာ ထိုင်နေခဲ့၏။ မဟုတ်ကျွန်တော်ကိုယ်တိုင် သူမရဲ့ ရှေ့ကိုရွေးချယ်ခဲ့မိတာ ဖြစ်ခြင်းပင်။
အမျိုးသမီးလေး ဆိုင်ထဲက လှမ်းထွက်ချိန်မှာ ကျွန်တော်က သောက်လက်စcappuccino(မမ ရှေ့ကခွက်ကို ကြည့်ပြီး မှာထားတဲ့ Coffe) ကို စွန့်လွှတ်ခဲ့ကာ အပြေးထထွက်လာခဲ့မိသည်။
နေ့လယ်နှစ်နာရီဆိုတာ အရိပ်မရှိတဲ့ ဦးထွန်းလင်းခြံလမ်းထဲမှာ သိပ်ကို ပူပြင်းသောအချိန်ပါ။ ထီးမဆောင်းတဲ့ အမျိုးသမီးလေးကို "မပူဘူးလား"ဟု မေးမိသည်မှာ ရေလာအောင်ဆည်တူးပစ်နေသည်ဟု မည်သူက စွပ်စွဲလိမ့်မည်နည်း။ မမကလည်း ပြုံးရုံသာ ပြုံးပြခဲ့ပါသည်။
ကိုယ်သဘောကျမိတဲ့ မိန်းကလေးဟာ
ကိုယ်သဘောကျနေတဲ့အကြောင်း ရိပ်မိနေပြီဆိုတာ သိနိုင်တဲ့ အာရုံခံစားမှုတစ်ခု ကျွန်တော် ရခဲ့သည့်အတွက် ကျွန်တော်နဲ့မမက နတ်ဖက်၊သိကြားဖက်၊တန်ခိုးကြီးမဟာဝိစ္ဇာများ ဝိုင်းဝန်း ပေါင်းဖက်နိမိတ်ပြလိုက်သည့် ဖူးစာပင် ဖြစ်လိမ့်မည်ဟု ကျွန်တော် ယုံကြည်သည်။အားလပ်ရက်တိုင်း Shake ဆိုင်လေးထဲသို့ ကျွန်တော်ဝင်လာမိတဲ့ အကြောင်းပြချက်သည် မြန်မာဝတ်စုံ လှလှလေးတွေ အမြဲဝတ်တတ်သော အမျိုးသမီးတစ်ယောက်ကို ပြုံးပြနိုင်ဖို့သာ ဖြစ်၏။ပြုံးပြ၍ လှည့်ပြန်ခဲ့ရသော နေ့ရက်များတွက် သူငယ်ချင်းများက ကျွန်တော်ရဲ့ ရေလာဆည်တူးစီမံကိန်းအား မိုးပေါ်လှေကားထောင်တက်နေသူလိုပဲဟု ချီးကျူးထောပနာ ပြုတတ်ကြသည်။