3

105 12 4
                                    

Unicode

စီးကရက်တစ်လိပ် စိတ်လွတ်လက်လွတ် ဖွာရှိုက်မိချိန်တွင် အခိုးအငွေ့များနှင့်အတူ ဆေးလိပ်ငွေ့အား မကြိုက်တတ်သည့် မမကို တမ်းတမိပြန်သည်။ အောက်ဆီဂျင်အား တန်ဖိုးထားသည့် မိန်းကလေးသည် ကာဗွန်မိုနောက်ဆိုဒ်အား ခါးသီးသည်မှာ ကျွန်တော်၏ ကျန်းမာရေးအား စိုးရိမ်သောကြောင့်ဟု ဆိုခဲ့၏။

မူးယစ်ဆေးဝါးအနွယ်ဝင် ဆေးလိပ်ကို ကျွန်တော်က အတော်အတန်ကျွမ်းဝင် ခုန်မင်တဲ့အထဲ ပါနေခဲ့ပါပြီ။ စီးကရက်မဖွာရလျှင်ပင် အာခံတွင်းခြောက်ကာ မနေတတ်အောင် ဖြစ်နေတတ်သည်။ စိတ်ဖိစီးမှုများအား ဆေးလိပ်ငွေ့နှင့်အတူ မှုတ်ထုတ်ပစ်ရသည်ကို ကျွန်တော်နှစ်သက်သည်။

ဆေးလိပ်စွဲနေသူ အများစုဟာ ဆေးလိပ်၏ ဆိုးကျိုးများကို သိကြပါတယ်။ သူတို့က ပိုးဖလံမျိုးမီးကိုတိုးနေကြခြင်းပင် ဖြစ်၏။လောကတွင် လူအများစုသည် မိုက်ကန်းနေကြခြင်းအပေါ် ပျော်မြူးနေတတ်ကြသည်။ ကျွန်တော်အပါအဝင်ပင်။

မနက်လင်းလျှင် စီးကရက်ရှာတတ်သည့် ကျွန်တော်က မမနှင့်တွေ့ချိန်တိုင်း စီးကရက်ဗူးအား ထားပစ်ခဲ့သည်။ နောင်အချိန်များတွင်တော့ ဆေးလိပ်ဗူး မဝယ်ဖြစ်တော့တဲ့အိထိ ဆေးလိပ်နှင့် ဝေးကွာသွား၏။ မမက "မသောက်ပါနဲ့မောင်ရယ်"ဟု တားမြစ်စရာမလိုအောင် ကျွန်တော်အလိုက်သိခဲ့ခြင်းပင် ဖြစ်သည်။ ကျွန်တော်အပေါ် မမပို၍ လေးလေးစားစားချစ်ခင်လာအောင် ပြုမူလိုက်ခြင်းဟုလည်း ဆိုနိုင်ပါသည်။

မမနှင့်ကျွန်တော်၏ ချစ်သူ့နှောင်ကြိုးသည် တစ်ယောက်အကြောင်းတစ်ယောက် တဖြည်းဖြည်း သိမြင်လာအောင် လေ့လာစမ်းစစ်ကြရင်း လိုက်လျောမှု၊နားလည်ပေးမှုတို့နှင့် ပိုမိုခိုင်မြဲအောင် ချည်နှောင်ခဲ့ကြခြင်း ဖြစ်သည်။

ချစ်သူဖြစ်ပြီး ပထမဦးဆုံးဒိတ်မှာ ကျွန်တော့်အကျင့်အရ စီးကရက်ထုတ်ဖွာမိသည့်အခါ မမက ကိုယ်ကို အနည်းငယ်ခွာကာ၊ လေမလာနိုင်သည့် လမ်းကြောင်းဘက် ပြောင်းရွှေ့ထိုင်ခဲ့သည်။

"ဆေးလိပ်သောက်တာမကြိုက်ဘူးလား"

ဖွာလက်စ စီးကရက်တိုကို ခြေထောက်အောက် ဖိခြေလိုက်ပြီး အငွေ့များကို တစ်ဖက်သို့ ကုန်စင်အောင် မှုတ်ထုတ်ပြီးမှ မမဘက်သို့ လှည့်ကြည့်လိုက်၏။

အဆုံးမသတ်ခြင်းနိဂုံးတစ်ပုဒ်သို့ Where stories live. Discover now