Unicode
အင်းလျားကန်ဘောင်ဟာ သာမာန်နေ့တွေလိုပါပဲ။ မိသားစုတွေ၊ လေ့ကျင့်ခန်းဖြစ်လမ်းလျှောက်သူတွေ၊ လူငယ်တွေရဲ့ဂီတာဝိုင်းတွေ၊ လေပြေနဲ့အတူကျီစယ်နေကြသည့် အတွဲလေးတွေအပြင် အပြေးအလွှားမုန့်ဖိုးတောင်းနေသည့် ကလေးများဖြင့် စည်ကားလျက်ရှိ၏။(အရင်အချိန်ကပါ)
"ကိုကြီး....မကြီး မုန့်ဖိုးလေးတစ်ရာလောက်"
"ဟေ့ ဟေ့ ငါတို့တောင် ရေတစ်ဗူးမျှသောက်နေတာ တွေ့လား"
"လုပ်ပါ ကိုကြီးကလည်း ပေးပါ"
ငယ်ပေါက်ပေါင်းဖော်တွေလို ပီတီတီမျက်နှာနဲ့ကလေးကြောင့် စိတ်ထဲ အနည်းငယ် နောက်ကျိသွား၏။ ကလေးမှာ မည်သည့်နေရာမှ ချွတ်ယွင်းနေခြင်းမရှိ။ ကျန်းမာသန်စွမ်းဖျက်လက်သော အရွယ်ဖြစ်သည်။
"ကလေးရော့..."
မမက ငါးရာတန် ထုတ်ပေးလိုက်သည့်အခါ ကျွန်တော် စိတ်မကြည်ခြင်းက မမအပေါ် ပုံကျသွား၏။ မျက်မှောင်ကြုံ့ကြည့်သည်ကိုပင် ကျွန်တော့်ပါးကို ချစ်စနိုးဟန်ဖြင့် ဖိညှစ်ကာ သဘောကျစွာ ရယ်မောနေသည်။ ကျွန်တော် တစ်ခုခုကို မကျေနပ်တော့ဘူးဆိုတာ မမသိမှာပါ။ အဲ့ဒါကြောင့်လည်း ဒေါသကြီးနေတဲ့ ကလေးတစ်ယောက်ကို နှစ်သိမ့်သလို လုပ်ပေးနေတာပေါ့။ ဒါပေမဲ့ စိတ်မကြည်လင်မှုကိုတော့ မမသိအောင် ပြောဖြစ်ခဲ့သည်။
"မမလို နားညီးသက်သာပြီးရော ပေးနေတဲ့သူတွေများနေလို့ အဲ့ဒီကလေးတွေ ဒီလိုဘဝမှာ ပျော်နေကြတာ"
"မောင်ရယ်"
"ငယ်ငယ်ရွယ်ရွယ်ကတည်းက ငွေကို အလွယ်ရနေတဲ့ ကလေးတွေ အသက်ကြီးလာတဲ့အခါ ဘာဖြစ်သွားကြမယ် ထင်လဲ"
"ဒါကတော့ သူတို့ဘဝပဲလေ မောင်၊ မမတို့လည်း ဘာမှ မတတ်နိုင်ဘူး၊ လမ်းကြုံလို့ တတ်နိုင်သလောက် ကူညီပေးလိုက်တာက မကောင်းဘူးလား"
"ကူညီနေတာ မဟုတ်ဘူး ဖျက်ဆီးနေတာ၊ ငွေကို လွယ်လွယ်ကူကူရနေတဲ့ သူက ပင်ပင်ပန်းပန်းရှာချင်မယ်လို့ မမ ထင်လား၊အဲ့ဒီကလေးတွေက ကြီးလာမှာ၊ ကျွန်တော်တို့ဆီမှာ အနုကြမ်းစီးမှု၊ ဓားပြတိုက်လူသက်မှု၊ ခိုးယူမှုတွေ များလာရတဲ့ အကြောင်းအရင်းက အဲ့ဒါပဲ"