Unicode
မမနှင့် တစ်ရက်လောက် ဝေးသွားရသည့်ကိစ္စကိုပင် မလုပ်တော့ဘူးဟု ကတိထားခဲ့ကြဖူးပေမဲ့ ကျွန်တော်နှင့်မမ တစ်ပတ်တိတိ စကားမပြောဘဲ နေခဲ့ကြသော ပြဿနာကြီး ဖြစ်ခဲ့ပါသည်။
သည်ကိစ္စသည် မမအလွန်ဟု ဖြစ်ခဲ့စဥ်အချိန်က သတ်မှတ်ခဲ့သော်လည်း အရာအားလုံး သိရပြီးသည့်အခါ မမအလွန် မဟုတ်ကြောင်း လက်ခံလိုက်ရသည်။
ဤအဖြစ်အပျက်သည် မည်သို့မျှ ညှိနှိုင်းယူ၍ မရသောကြောင့် ခတ္တမျှ မေ့ပျောက်ထားဖို့ ကျွန်တော့်စိတ်ကိုယ်ကျွန်တော် ဆုံးမလိုက်ရသည့်အထိပင်။
မမေ့ဖျောက်ထားသင့်သည်ကို ချစ်သည့်စိတ်နှင့် ဇွတ်မေ့ထားခဲ့ရာ ၊ ခွဲထုတ်သင့်သည့် အကြိတ်အနာလုံးအား ဆေးဖြင့် တောင့်ခံထားသူလို ဖြစ်ခဲ့ရ၏။အချိန်ကြာလာသောအခါ ထိုအနာသည် အမြစ်များတွယ်ကာ ဆိုးရွာသော အဖြစ်အပျက်သို့ ဆိုက်ရောက်လာစေခဲ့ပါ၏။
ပြဿနာမှာ ချစ်သူတို့ကြား ကြည်နူးဖွယ်ရာ အသေးအမွှား သဘောထား မတိုက်ဆိုင်မှုမျိုးဟု သတ်မှတ်၍ရသလို အကြီးမားဆုံး ပြဿနာကြီးဟုလည်း ယူဆ၍ ရပါသည်။
ကလေးသိပ်ချစ်တတ်သည့် ကျွန်တော်နှင့် ကိုယ်ဝန်မဆောင်ချင်သော မမတို့ကြား တလွဲမာနထား၍ စကားရည်လုပြိုင်ပွဲ ဖြစ်ခဲ့ရကာ ကြီးမားသော စိတ်ထိခိုက်မှုလည်း ကိုယ်စီခံစားခဲ့ရ၏။
မမ၏ စိတ်နေစိတ်ထား၊ အပြုအမူများ အားလုံးကို တဖြည်းဖြည်း နီးစပ်လာသည်နှင့်အမျှ ပို၍ ချစ်ခင်မြတ်နိုး စုံမတ်ခဲ့ရသော ကျွန်တော်သည် မမနှင့်အတူ မိသားစုတစ်ခုအား စိတ်ကူးဖြင့် ဖန်တီးကြည့်မိသည်မှာ အကြိမ်ကြိမ်ပင်။
ကျွန်တော်၏သွေးသားနှင့်မမ၏သွေးသား ပေါင်းစပ်ဖွံဖြိုးလာမည့် သန္ဓေသားလေးက မမဝမ်း၌ကပ်တွယ် ခိုလုံနေမည့် ကိုယ်ဝန်ဆောင်ချိန်တွင် ဗိုက်ဖုံးအက်ျီလေးနှင့် လှနေမည့် အိမ်သူသက်ထားအဖြစ် မြင်ယောင်မိသည့်အခါ ပြီးပြည့်စုံသော ကြည်နူးမှုအား မည်သို့ဖော်ပြရမည်ကိုပင် မသိပေ။
ကျွန်တော်က တစ်ဦးတည်းသော သားပီပီ ကလေးသိပ်ချစ်တတ်သည်။ မမလို ညင်သာသိမ်မွေ့သော အရွယ်ရောက် မိန်းမပျိုတစ်ယောက်သည်လည်း ကလေးချစ်တတ်လိမ့်မည် ကျွန်တော် ထင်ခဲ့၏။ မိန်းမသားများ၏ မိခင်စိတ်ရှိသူပီပီ မိမိဝမ်း၌ လွယ်ရသော ကလေးအား ပိုမိုစိတ်ကူးယဥ်ကြလိမ့်မည်ဟု ထင်ခဲ့သော ကျွန်တော့်အထင်နှင့် လက်တွေ့သည် ပြောင်းပြန် ဖြစ်ခဲ့၏။