အကျိုးအမြတ် များစွာရရှိမည့် Projectတစ်ခု အကောင်အထည်ဖော် စာချူပ်ချုပ်မည့်နေ့မို့ တစ်ဖက်က လုပ်ငန်းရှင်နဲ့ တွေ့ဖို့အတွက် ရှောင်းကျန့်က သာမန်နေ့တွေထပ် ပိုမိုတောက်ပသော ဝတ်စုံအပြည့်ဖြင့် ခန့်ညားနေသည်။ ဆံပင်အိအိလေးတွေကို နဖူးပေါ် ဝဲမကျစေရန် ဆီလိမ်းပြီး လှန်တင်ထားသေးသည်။ ခန္ဓါကိုယ် ပိန်ပိန်ပါးပါးနဲ့ ပိုးဟပ်ဖြူလေးလို ဖြစ်နေတာကြောင့် အပေါ်ထပ်အနေနဲ့ ကုတ်အကျီဖားဖားကြီးဝတ်ဆင်ထားပြီး လူကြီးတစ်ယောက်အသွင် ယူထားသေးသည်။
ကြောင်လိမ်လှေကားလေးအတိုင်း ရှောင်းကျန့် အောက်ထပ်ကို ဆင်းလာတော့ ထမင်းဝိုင်းမှာ ထိုင်နေတဲ့ မာမား၊ပါပါးနဲ့ ရှောင်းကျန့်ချစ်လှစွာသော တစ်ဦးထဲသော ညီမလေးရှောင်းမင်က ရှောင်းကျန့်ကို သူမဘေး လာထိုင်ဖို့ ခုံဆွဲယူကာ နေရာပေးသည်။
" ကိုကို ဒီမှာလာ။ ဒီနေ့ ကိုကို့အကြိုက် ချုံချင်းအရသာဟင်းတွေချည်းပဲ ချက်ထားတယ်။ "
ရှောင်းကျန့်က ရှောင်းမင်ခေါင်းလေးကို ခပ်ဖွဖွလေး ပုတ်ပေးပြီး ပြုံးပြသည်။ ရှောင်းမင်က ပြာယာတွေခတ်နေကာ ရှောင်းကျန့် ပန်းကန်ထဲ သူမလက်ယာ ဟင်းတွေ အပြည့်အမောက်ထည့်ပေးသေးသည်။
" သား ကျန့်ကျန့် ဒီနေ့ည မိုးမချုပ်စေနဲ့နော်။ ပေကျင်းက မိတ်ဆွေတွေ ဒီနေ့ရောက်မှာမို့ ညစာ အတူစားရအောင် စောစောလေး ပြန်လာခဲ့။ မာမားက သားကို ဒီနေ့အလုပ်နားစေချင်တာ။ ပါပါးတောင် နားတဲ့ဟာကို ... အရေးကြီးတယ်ဆိုလို့သာ မာမားက ဘာမှမပြောတော့တာ။ "
" စောစောလေး ပြန်လာပါ့မယ်။ "
ရှောင်းကျန့်က ရေတစ်ငုံမျှ သောက်လိုက်ပြီး ယဥ်ယဥ်ကျေးကျေးပဲ တုံ့ပြန်ပါသည်။ ပါပါးက ရှောင်းကျန့်ကို အကဲခတ်ကြည့်ပြီးမှ
" သား ဒီတစ်ခေါက်Projectပြီးရင် နှစ်ပတ်လောက်အနားယူဦး။ သားကြည့်ရတာ ပင်ပန်းနေပုံပဲ။ "
" ဟုတ်ကဲ့ "
ရှောင်းကျန့်က မျက်လွှာချထားပြီး အစားအစာအချို့ကို တို့တိတို့တိ ယူစားသည်။ ပြီးနောက် မိသားစုကို နှုတ်ဆက်ကာ ထမင်းစားပွဲမှ ထ,သွားလေသည်။