Constructionမှာ ဒီနေ့ပြသနာလေး အနည်းအကျဥ်းရှိသွားလို့ ရှောင်းကျန့်ရဲ့ အိမ်ပြန်ချိန်က ည၁၁နာရီနားကပ်သွားသည်။ တစ်နေကုန်ဆိုတော့ လူကလည်း နွမ်းဖက်နေပြီ။ ခြံစောင့်ရှိပေမယ့် အသက်ကြီးနေတဲ့သူမို့ ရှောင်းကျန့်က နောက်ကျမယ့် အကြောင်းဖုန်းဆက်ထားပြီး အနားယူဖို့ပြောထားသည်။ အခု ခြံရှေ့မှာ ကားရပ်ပြီး ကိုယ်တိုင်က ကားပေါ်ကဆင်းကာ ခြံတံခါး ဖွင့်ရသည်။ ပြီးမှ ခြံထဲ ပြန်မောင်းဝင်ခဲ့သည်။ ရှောင်းကျန့်ခြံတံခါး သွားပိတ်ပြီး ပြန်လာတော့ အနောက်ဘက်ဆီက အသံကြားတော့ လှည့်ကြည့်မိတော့ ဝမ်ရိပေါ်။
ဝမ်ရိပေါ်က ဒီအချိန်ထိ မအိပ်သေးပဲ ခြံထဲမှာ ဘာလုပ်နေတာလဲ။ ရိပေါ်ကလည်း ရှောင်းကျန့်ကို ကြည့်ပြီးမှ ကိုယ့်လက်မောင်းတစ်လျှောက်က ခြင်ကိုက်ဒဏ်ရာတွေကို ကုပ်ဖဲ့နေသည်။ ရှောင်းကျန့်က ဒီအချိန်ထိပြန်မလာသေးတော့ အိပ်မပျော်တာနဲ့ ရိပေါ်က ခြံထဲဆင်းလိုက်၊ အိမ်ပေါ်ပြန်တက်လိုက် လုပ်နေမိတာ။ရှောင်းကျန့်က ရိပေါ်ကို တစ်ချက်ကလေး ကြည့်ပြီးမှ သူ့လမ်းသူ ဆက်သွားသည်။
ရိပေါ်ကို တွေ့တာတောင် မမြင်သလို ကျော်ထွက်သွားတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်က လုံးဝမကျေနပ်ဘူး။ ချက်ချင်းပင် ရှောင်းကျန့်ရဲ့ ခြေလှမ်းတွေနောက် ထပ်တူ အမှီလိုက်တော့ လှေကားထိပ်မှာ ဆုံသွားသည်။ ရိပေါ်က ရှောင်းကျန့် လက်ကောက်ဝတ်ကို ဆွဲလိုက်တော့ နွမ်းလျနေတဲ့ ရှောင်းကျန့် ခန္ဓါကိုယ်လေးက ရိပေါ် ဆွဲတဲ့အတိုင်း ပါလာသည်။ ရိပေါ်က သူ့ပုခုံးပေါ် မှီကျမလိုထိ ဖြစ်လာတဲ့ ရှောင်းကျန့်ကို လှဲကျမသွားအောင် ခပ်တင်းတင်း ပွေ့ဖက်လိုက်သည်။ ပြီးတော့ ရှောင်းကျန့် ပါးပြင်လေးနဲ့ နဖူးလေးကို ရိပေါ်က သူ့လက်ဖမိုးနဲ့ ဖိကပ်စမ်းလိုက်သည်။
" နေမကောင်းဘူးလား ... ကျန့်ကော ... "
" ဖယ် ... "
လူက လဲကျတော့မလို ဖြစ်နေတာတောင် ရိပေါ်ကို ရှောင်းကျန့်က တွန်းထုတ်နေသေးသည်။