ရှောင်းကျန့် အဝတ်အစားလဲနေတုန်း တံခါးခေါက်သံကြောင့် ကြယ်သီးကိုခပ်မြန်မြန်ပဲ ပြီးအောင်တပ်လိုက်ပြီး အခန်းတံခါးဖွင့်ပေးလိုက်သည်။ အခန်းတံခါးပွင့်သွားသည်နှင့် ရှောင်းမင်က မျက်နှာမသာမယာနဲ့ ရှောင်းကျန့်ကို ကြည့်နေသည်။
" ရှောင်းမင် ဘာကိစ္စလဲ "
" ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။အစ်ကို ရိပေါ်ရဲ့အစ်ကိုနဲ့အစ်မ ရောက်နေတယ်။ အဲ့ဒါ ... ဟို ... "
ရှောင်းမင်လည်း ဘယ်လိုရှင်းပြရမလဲတကယ်ကို မသိတာ။ရှောင်းကျန့်က ရှောင်းမင်ကို မျက်မှောင်ကုပ်ပြီး ကြည့်မိသည်။ လာရင်း ကိစ္စကိုမပြောပဲ ဝေ့လည်ချောင်ပတ် လုပ်နေတာကို။
" အဲ့ဒါ ဘာဖြစ်လဲ။ နင်တို့ စေ့စပ်ဖို့အတွက် ရိပေါ်ဘက်က လူကြီးတွေရောက်လာတာမလား။ ပါပါးတို့ရှိရင် ရပြီလေ။ "
ရှောင်းမင်က သူမခေါင်းကို တဗြင်းဗြင်းကုပ်ပြီး လိုရင်းပဲပြောဖို့ စကားစီရတော့သည်။
" ညီမလေး ကိစ္စမဟုတ်ဘူး။ ကိုကိုနဲ့ အစ်ကိုရိပေါ်ကိစ္စ။ လင်းယွမ်ကျဲက အရမ်းငိုနေတာ။ ကိုကိုနဲ့တွေ့ဖို့ ဇွတ်ပြောနေတာ။ "
" ဟမ် ... "
" အစ်ကိုရိပေါ်က မနက်တစ်နာရီလောက်ကြီး ပေကျင်းပြန်တော့မယ်လို့ အန်တီရင်းကို ပြောပြီးပြန်သွားတာ။ အခု ပေကျင်းက သူ့အစ်ကိုနဲ့အစ်မ ရောက်နေတယ်။ ကိုကို သူတို့နဲ့ စကားပြောကြည့်လိုက်ပါ။ သူတို့ ကိုကို့ကိုတွေ့ချင်နေတယ်။ သူတို့ ပြောပုံအရ အစ်ကိုရိပေါ်က ဆက်သွယ်လို့မရလို့ထင်တယ်။ "
မနေ့ညက ကိစ္စကို ရှောင်းကျန့် ပြန်တွေးမိသွားသည်။ ရိပေါ်က ထွက်သွားမယ်လို့ ပြောပေမယ့် ဒီလောက်မြန်မြန်ကြီး ထွက်သွားမယ် မထင်မိဘူး။ဘာမှန်းမသိပေမယ့် စိတ်ထဲလေးလံသွားသည်။ ရှောင်းကျန့် , ရှောင်းမင်ကို ခေါင်းငြိမ့်ပြလိုက်ပြီး အောက်ထပ်ကိုပဲ ခြေလှမ်းသွက်သွက်နဲ့ ဆင်းလာလိုက်သည်။
ရှောင်းကျန့် အိမ်ပေါ်က ဆင်းလာတာမြင်တော့ မာမားနဲ့ပါပါးက ရှောင်းကျန့်ကို တစ်ချက်လှမ်းကြည့်ပြီးမှ မျက်နှာလွှဲသွားကြသည်။ ရှောင်းကျန့်ကို မြင်တော့ လင်းယွမ်က သောကတွေ ဖိစီးနေသော မျက်နှာဖြင့် ကြည့်နေသည်။ ဒီမိန်းကလေးကို မြင်ဖူးပါတယ်။ ဘယ်နေရာမှာ မြင်ဖူးနေမှန်းပဲ မသိတာ။