ရှောင်းကျန့် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးတဲ့နေ့။
အဲ့ဒီနေ့ညက Condoကို ဝမ်ရိပေါ်က ပြန်မလာခဲ့ဘူး။ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဆိုပြီး message တိုတိုလေးတစ်ကြောင်းပဲ ပို့လာတယ်။ညဥ့်နက်ရင်တော့ ပြန်လာကောင်းပါရဲ့ ဆိုပြီး ရှောင်းကျန့်က တစ်ညလုံး ထိုင်စောင့်နေခဲ့တာ။ မိုးလင်းတဲ့ထိ ဝမ်ရိပေါ်က ပေါ်မလာခဲ့ဘူး။ဝမ်ရိပေါ်ကို ချစ်ရတာ ဘာနဲ့အလားသဏ္ဍာန်တူလဲ ဆိုရင် ဖမ်းဆုပ်ရခက်တဲ့ တိမ်တွေလိုပဲ။သူက လွင့်ချင်ရာလွင့်၊မျောချင်ရာမျောနေမှာပဲ။ ကျေနပ်ရင် ဆက်တွဲ၊မကျေနပ်ရင် အသည်းကွဲဆိုတာမျိုး။
ကြောင်စီစီနဲ့ အိပ်မပျော်တဲ့ ညတစ်ညပါပဲ။ မျက်ကွင်းတွေညိုနေတဲ့ ရှောင်းကျန့်က အခုထိ ရိပေါ်ကို စိတ်ဆိုးဖို့ မတွေးသေးဘူး။စိတ်ဆိုးစိတ်ကောက်တာတွေ ရှောင်းကျန့်မှာ မရှိဘူး။ ရှောင်းကျန့်က ဖုန်းကို ဖွင့်လိုက်၊ပိတ်လိုက်နဲ့ ရိပေါ်ဆက်လာမှာကို မျှော်နေမိသေးတာ။
မနက် ခြောက်နာရီကျော်တော့ ရိပေါ်ဆီက ဖုန်းဝင်လာတယ်။ အမှတ်မရှိတဲ့ ရှောင်းကျန့်က ဝမ်းသာအားရနဲ့ ဖုန်းပြန်ဖြေတာပါပဲ။
' ဝမ်ရိပေါ် ... ညကငါဖုန်းခေါ်နေသေးတာ။ ငါ ... "
ရှောင်းကျန့်ရဲ့စကားကို ဆုံးအောင်နားမထောင်ပဲ ရိပေါ်က ဖြတ်ပြောလာသည်။
' အဲ့ဒါတွေထားလိုက်။ အခုအရေးကြီးတာပြောမလို့။ သေချာနားထောင်။ ခင်ဗျား ကျွန်တော့်အနောက် လိုက်ရဲတယ်မလား။ '
' ဟမ် ... '
ရှောင်းကျန့်က ချက်ချင်း မတုံ့ပြန်နိုင်သေးပါ။ ပြီးခဲ့တဲ့ ရက်တွေကထိ ကိုယ့်ကို လက်မထပ်ချင်သေးဘူး ၊ လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး ဆိုတဲ့လူက အခုချက်ချင်းကြီး ပြောလာတော့ ရှောင်းကျန့်က အံ့သြနေမိသည်။
' အူကြောင်ကြောင်လုပ်မနေနဲ့ ကျန့်ကော။ ကျွန်တော်လာခေါ်မှာမို့ လိုက်မယ်ဆို လိုက်မယ်ပြော။ '