[ Zawgyi ]
လော်ရီသည်လည်း မပြန်တော့ဘဲ ကတ်နက်ဖေးနှင့်သာ အတူနေရန် စီစဉ်လိုက်သည်။ညဖို့တဖန်ပြန်ရောက်လာသောအခါ အိပ်စက်ရန်ပြင်ဆင်ကြရ၏။ ပထမတွင် ကတ်နက်ဖေးသည် တစ်ယောက်တည်းဖို့ အိပ်စက်ရန် ဝန်မကြီးလှ။သို့သော် ယခုတွင် အရာဂီသည် သူ့အနားသို့ရောက်နေသည်။ နေ့လယ်တွင်လည်း သူ့ဘေးနားတွင်သာထိုင်နေတတ်သည်။အချိန်က ည၉နာရီဖြစ်သည်။ တခြားဘာမှလုပ်စရာမရှိ၍ သူတို့သည်အိပ်စက်ရန်သာတွေးလိုက်ကြသည်။
"ဖေး ငါတို့ဘယ်လိုအိပ်မလဲ"
လော်ရီက ဘေးနားတွင်ရပ်ကာ ခုတင်ကိုကြည့်ရင်းမေးလာသည်။ ခုတင်သည် အခင်းမရှိ။ ခေါင်းအုံးမရှိ။ စောင်မရှိ။ သို့သော်သူပါလာသည့် စောင်ပါးလေးတစ်ထည်သာရှိသည်။ ဤစောင်ပါးလေးနှင့် ၃ယောက်အတူတူအိပ်ရန်မှာတော်တော်လေးအဆင်မပြေဖြစ်လောက်သည်။
သူသည် သက်ပြင်းချရင်းပြောလိုက်၏။
" ဘယ်လိုအိပ်ရမလဲ ၊ အဆင်ပြေအောင်ကြည့်အိပ်ရမှာပေါ့"
"ဟင်း ဖြစ်တယ်လေ ၊ ဒီတစ်ညတည်းကိစ္စပဲ"
"အင်း"
ပထမတစ်ညတွင် ကတ်နက်ဖေးသည် ခုတင်ပေါ်တွင်တစ်ညတည်းအိပ်စက်ခဲ့သည်။ တစ်ယောက်တည်းဖြစ်၍ သူသည် ခုတင်အားသေသေချာချာမရှင်မိ။ တစ်ယောက်အိပ်စက်ရန်သာ ရှင်းခဲ့သည်။
ယခုအခါတွင် ဒီအတိုင်း အိပ်၍မရတော့ချေ။ထို့ကြောင့် ခုတင်ပေါ်မှ သူ၏ လွယ်အိတ်နှင့်စောင်ကိုယူကာ သေချာရှင်းလင်းရတော့သည်။
လော်ရီသည်လည်းဘေးနားမှကူညီပေးသည်။ ခုတင်အား အမှုန်အမွှားများကင်းအောင်လုပ်ကာ အဖိုး၏ ဗီဒိုထဲမှ အခင်းကိုရှာလိုက်၏။ ဟောင်းနွမ်းနေသောအခင်းလေးကိုရှာတွေ့သွား၍ စိတ်သက်သာရာရသွားသည်။ ထိုအခင်းအားယူကာခုတင်ပေါ်သို့သေချာခင်းလိုက်၏။ ထို့နောက် သူသည်ခုတင်ပေါ်သို့ထိုင်လိုက်၏။
"ကဲ အိပ်လို့ရပြီ"
"မင်းရောအိပ်တော့မလား"
လော်ရီ၏ မေးခွန်းကို သူပြန်ဖြေလိုက်၏။
"မအိပ်လို့ငါ့ကဘာလုပ်မှာလဲ ၊ မနေ့ညကသေချာမအိပ်ရဘူးလေ"