(8)

327 50 38
                                    

[Unicode]

ချစ်တေးသွားတွေ ပဲ့တင်ထပ်သွားချိန်မှာ ...
နာကျင်စေတဲ့ အပြစ်ကြွေး တွေကတောင် ...
" ချယ်ရီ " လို အရသာ ရှိပါတယ် တဲ့ ။

...............…

၈လမြောက်လ ၏ လကွယ်ည ဖြစ်သည် ။

နှစ်တိုင်း ၈လမြောက်လ၏ လကွယ်ညကို ယိုခုဘို အနားယူရန် ဆုံးဖြတ်ခဲ့သည် ။ ဒီအကြံကို သူ ကလည်း သဘောတူသည် ။ ဒီလိုညတိုင်းတွင် မြေအောက်ဘားရှိရာ အဆောက်အအုံ၏ အမိုးပြင်ပေါ်တွင် ကြယ်များကို အတူတူကြည့်ကြသည် ။

"ထပ်မသောက်နဲ့တော့လေ အာခ... မင်း မူးနေပြီ... "

အာခ ... သူက ရယ်ကာ ခေါင်းယမ်းလိုက်သည် ။ သူ့မျက်ဝန်းနီနီများက သိသိသာသာ ရီဝေနေသည်လေ ။

" မင်း သိလား... ယိုခုဘို...... ဒီဗိုနီယန်* ပင်လယ်ကြီး နောက်ဆုတ်သွားပြီး ကုန်းမြေတွေပေါ်လာခဲ့တဲ့အချိန်တုန်းက ..."

" ဒုတလီပန်းတွေက မြေပြင်ပေါ်ကို ပထမဆုံးအမြစ်တွယ်ခဲ့တဲ့ နတ်ပန်းတွေ... ဟုတ်တယ်မလား ... "

ဝိုင်ခွက်ထဲသို့ ပျားရည်ရောင်ဝိုင်များကိုထပ်ဖြည့်ပေးရင်း သူပြောနေကျ စကားကို ယိုခုဘို အဆုံးသတ်ပေးလိုက်သည် ။

နတ်ဘုရားတို့၏ ကောင်းချီးဖြင့်ပြည့်နေသော နတ်ပန်း ... ထိုပန်းဖြင့် ပြုလုပ်သော ဝိုင် ... ဒုတလီဝိုင် ... ။ တမိုးအောက်တယောက် အာခ စံ ကို မူးယစ်ရီဝေအောင် လုပ်နိုင်သည့် တစ်မျိုးတည်းသောသေရည် ဖြစ်သည် ။

သူက ခပ်ရှရှရယ်ရင်း ဝိုင်များကို တချက်တည်း မော့ချလိုက်သည် ။ ထို့နောက် ကောင်းကင်ကို မော့ကြည့်နေသည် ။
နက်ပြာရောင်ညကောင်းကင်က ကြည်လင်တောက်ပနေသည် ။ လမင်းမဲ့သော ကောင်းကင်တွင် ကြယ်ပွင့်များက ဟိုတစုသည်တစုတောက်ပနေသည် ။ ငွေငန်းတာရာ ဆိုက်ဂ်နပ်စ်*သည် ကောင်းကင်၏အလယ်တွင် အတောင်ဖြန့်ကာ ပျံသန်းလျက်ရှိသည်။

" ၈လမြောက်ညရဲ့ လဆန်းသုံးရက် ဆိုရင် ငါနဲ့ မင်းတွေ့တဲ့ နှစ်ပတ်လည်ပဲ... "

ခပ်တိုးတိုးပြောလိုက်သော သူ့ကို ယိုခုဘို ငေးကြည့်နေမိသည် ။ ယိုခုဘိုမြင်ရသော သူ့ကိုယ်ခန္ဓာက ကြွက်သားအပြည့်ဖြင့် သန်မာတောင့်တင်းနေသည် ။ တိုလွန်းသော ဘောင်းဘီနှင့် ရှည်လွန်းသော ရှပ်အင်္ကျီကြီးက သန်မာသောဟန်ပန်နှင့် မလိုက်ဖက်လှချေ ။
လေးထောင့်ကျသော မေးရိုးများကိုမော့ကာ ညကောင်းကင်ကို မော်ကြည့်နေပုံကတော့ အတိတ်ပုံပြင်တစ်ခုကို ဖတ်နေမိသည်သို့ ခံစားရစေသည် ။ ထိုရုပ်သွင်သည် ယိုခုဘို ချစ်လှစွာသော တစုံတယောက်၏ ရုပ်သွင်ဖြစ်သည်လေ ။

C H E R R Y Where stories live. Discover now