[Unicode]
ချစ်တေးသွားတွေ ပဲ့တင်ထပ်သွားချိန်မှာ …
နာကျင်စေတဲ့ အပြစ်ကြွေး တွေကတောင် …
" ချယ်ရီ " လို အရသာ ရှိပါတယ် တဲ့ ။………………
မန်တီကော (Manticore) ဟူသော ပါရှန်းစကားသည် လူသားစားသူ ဟု အဓိပ္ပာယ်ရသည်။
ကိုးလ် သည် မန်တီကော တစ်ကောင်ဖြစ်သည် ။ မျိုးစပ်သားရဲဖြစ်သည့်အလျောက် သူ့သားရဲအသွင်က ရှုပ်ထွေးသည် ။
လူယောက်ျားတစ်ယောက်၏ မျက်နှာနှင့်ဆင်တူသော မျက်နှာကို အနက်ရောင်လည်ဆံမွှေးများက ဝိုင်းပတ်ထားသည်။ ခြင်္သေ့များကဲ့သို့ သန်မာကြီးမားသော မေးရိုးနှင့်အစွယ်များရှိသည် ။ ခြင်္သေ့တစ်ကောင်နှင့်တူသော ညိုဝါဝါကိုယ်လုံးပေါ်တွင် ကြမ်းရှသောအနက်ရောင်သားမွှေးများရှိသည် ။ မြီးညှောင့်ရိုးမှ ထွက်ပေါ်လာသော အမြီးသည် ကင်းမြီးကောက်တစ်ကောင်၏ အမြီးဖြစ်သည်။ မြီးတံတလျောက် ကြမ်းရှသောအကြေးများဖြင့် ဖုံးအုပ်ထားပြီး ထိပ်ဖျားတွင်အဆိပ်ဆူးကောက်ကြီးရှိသည် ။
လူသားအသွင်တွင်တော့ သူ့အသားအရောင်က ကြေးဝါရောင်သမ်းသည် ။ သူ့မျက်နှာက လေးထောင့်ကျ၍ယောက်ျားဆန်သည်။ ကြွက်သားအမြောင်းများဖြင့် ထုဆစ်ထားသည့် သန်မာသောကိုယ်ခန္ဓာက ခြောက်ပေလေးလက်မခန့်ရှည်လျားသည် ။ တိုကပ်ကပ်ညှပ်ထားသော ဆံပင်နက်နက်များနှင့် သူ့မျက်နှာတွင် ခါတိုင်းလိုပင် နုညံ့ချိုသာသော အပြုံးတစ်ခုရှိနေသည် ။
" ကောင်လေးတွေ… မမောသေးဘူးလားကွ… "
" ယေးးးး ကိုကြီးကိုးလ် လာတယ် ! " "အစ်ကိုကိုးလ် !!"
သူ့ကိုမြင်တော့ ဟောင်းနွမ်းနေသည့် ကစားကွင်းထဲတွင် ပြေးလွှားဆော့ကစားနေသည့် ကလေးများက သူ့အနားဝိုင်းလာသည် ။ သူဝေငှပေးလိုက်သော မုန့်ထုတ်များကိုစားရင်း ကလေးများကခုန်ပေါက်နေသည် ။ ကလေးများပြောပြသော ပေါက်ပန်းလေးဆယ် စကားလုံးတို့ကို နားထောင်ရင်း သူ ရယ်နေမိသည် ။
" ကိုးလ်… ကိုးလ်!! "
လည်ဂုတ်နားအထိ ဖွာကျဲကျနေသော ဆံပင်နီနီများ နှင့် ညစ်ကျယ်ကျယ်အပြုံးမှလွဲလျှင် သူ့အမွှာညီ မန်နီ ၏ လူသားအသွင်သည် သူနှင့် တထေရာတည်း တူသည် ။ နှစ်ဦးလုံး၏ ခါးစောင်းမှ လည်ပင်းအထိ ပြည့်နေသော နက်ပြာရောင်ဆေးမှင်ကြောင်များက ကြေးစား ဟူသော သူတို့အလုပ်အကိုင်ကို ဖော်ပြနေသည် ။
YOU ARE READING
C H E R R Y
Mystery / ThrillerEven sins taste like Cherry , in between echos of love songs . (Big warning : Mature Content / Own character )