Part15

278 12 0
                                    

“ကျနော် ဝေ့ကို ချစ်တယ်”

အအေးခွက်ထဲက ပိုက်ကို လှည့်ဆော့နေသည့် လက်ချောင်းဖြူဖြူလေးတွေ ရပ်တန့်သွားသည်။

မော့ကြည့်လာသည့် မျက်၀န်းလေးက အံ့ဩမှုအပြည့်၊ နားမလည်ခြင်းအပြည့်။

နှင်းဆီရင့်ရောင် နှုတ်ခမ်းဖူးဖူးလေးက ၀လုံးဆိုတာ ဒီလိုလေးလို့ သရုပ်ပြနေသယောင်။

သူချစ်နေခဲ့မိတယ်ဆိုတာ ဒီကောင်မလေး တကယ်မသိခဲ့တာလား။

ဒါမှမဟုတ် ဒီလိုမြန်မြန် ဖွင့်ပြောလိမ့်မယ်လို့ မစဉ်းစားမိတာလား။

ဘာမှပြန်မပြောဘဲ ငေးပဲကြည့်နေသည့်ဝေ့ကြောင့် ခုံကို ခေါက်လိုက်ရင်း

“ဝေ့”

“အမေ့”

ဟော ရှေ့က ကောင်မလေးက ရည်းစားစကားအပြောခံလိုက်ရသည်နှင့် ဝိညာဥ်ကို ဘယ်လွှင့်လိုက်သည်မသိ။

ခုံကို ခေါက်ရင်းခေါ်လိုက်တာကိုပင် လန့်နေလေရဲ့။

သူရယ်လိုက်တော့ ဝေလဲ ရှက်ရယ်ရယ်ပြီး

“Sorryနော် ရုတ်တရက်ကြီးဆိုတော့ ဝေအံ့ဩသွားလို့”

အပြည့်အ၀နားလည်ပေးနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးပေါက်အောင် သူပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။

“အဲ့တာ ဝေ့အနေနဲ့ ဘယ်လိုသဘောထား...”

“ဟိုလေ စကားဖြတ်ပြောရတာ အားနာပေမဲ့ ဝေကလေ ဟိုဟာ ဟိုလေ ဝေ့မှာ...”

စကားကို ရှေ့ဆက်မရဘဲ ထစ်နေတဲ့ ဝေ့ကို သူပြုံးကြည့်ရင်း

“ဝေ့မှာ ဝေသဘောကျနေတဲ့သူ ရှိတယ် ဟုတ်တယ်မလား၊ ပြီးတော့ အဲ့ဒီလူက ကျနော်မဟုတ်ဘူး”

ဟော ဝေ့ပုံစံက ခနကအတိုင်း တထေရာတည်းပြန်ဖြစ်သွားပြန်ပြီ။
ကိုယ့်ကို မကြိုက်နိုင်ပါဘူးလို့ ငြင်းနေတဲ့ ကောင်မလေးတယောက်ဟာ ဒီလောက်ချစ်ဖို့ကောင်းနေမယ်လို့ သုတ တခါမှ မတွေးခဲ့မိဖူးဆိုတာ အမှန်ပါပဲ။

“ဝေ့မှာ နှစ်ဦးသဘောတူ ချစ်သူမရှိသေးသရွေ့ ကျနော် ကြိုးစားကြည့်ချင်ပါသေးတယ်၊ ဝေ စိတ်အနှောက်အယှက်မဖြစ်ဘူးဆိုရင်ပေါ့လေ”

သုတ စကားကြောင့် ဝေ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။

ခနလောက် ငြိမ်သွားပြီးမှ ဝေ့ဆီက စကားသံထွက်လာသည်။

“ဝေက ချစ်သူထားခဲ့မယ်ဆိုရင် နဂိုကတည်းက စဉ်းစားထားခဲ့ဖူးတာက ကိုယ်ချစ်ထက် သူချစ်ကို ရှာမယ်ဆိုပြီးတော့ပါ။ ကိုယ့်ဘက်ကပဲ ချစ်နေရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာ တွေ့ခဲ့ဖူးတာမို့ ကိုယ့်ကိုချစ်နေမဲ့သူကိုပဲ ရွေးမှာလို့ ဆုံးဖြတ်ခဲ့ဖူးတာ”

“ဝေ”

“ဝေ ပြောတာ ဆုံးအောင် နားထောင်ပါဦး။ ဒါပေမဲ့ တကယ်ချစ်မိလာတဲ့အခါ ကိုယ်ချစ်တွေ၊ သူချစ်တွေ၊ ဘာမှ မစဉ်းစားနိုင်ဘဲ ချစ်ရတဲ့သူနားမှာပဲ ဘယ်လောက်နာကျင်ကျင် ရှိနေချင်ခဲ့မိတာ ၊ ဝေက အရူးလိုပဲမို့လား”

“လူတိုင်းက ဒီလိုပါပဲ ဝေရယ်၊ နာကျင်ရရင်တောင် ချစ်ရတဲ့သူနားမှာပဲ နာကျင်ချင်ကြတာမျိူးပါပဲ”

ဝေက ပြုံးလိုက်ရင်း

“ဝေ သုတကို တကယ်ခင်ပါတယ် ၊ တွေ့ရတာ မကြာသေးလဲ ဟိုးအရင်ကတည်းက ပေါင်းလာခဲ့တဲ့သူတွေလိုမျိုးကို ရင်းနှီးပါတယ်။
ဝေ့အတွက် သုတက မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတစ်ယောက်ပါ။
ဝေ မျှော်လင့်ချက်တွေ မပေးချင်ပါဘူး။
ဖြစ်နိုင်ရင် ဝေ့ကို မစောင့်ပါနဲ့။ နှစ်ဦးသဘောတူ ချစ်သူရှိဖို့ ၊ မရှိဖို့ထက် လောလောဆယ် ရင်ထဲကသူကိုပဲ ဝေဆွဲထုတ်နိုင်အောင် အချိန်အတော်ကြာ ကြိုးစားရဦးမှာမို့ပါ”


“ဝေက မျှော်လင့်ချက်မပေးချင်ဘူးဆိုတောင် ကျနော်က ဆက်ပြီး မျှော်လင့်ချင်နေပါသေးတယ်။ ဝေပြောသလိုပေါ့ ရင်ဘတ်ထဲရောက်ပြီးသားသူကို ပြန်ဆွဲထုတ်ရတာ တကယ်ခက်ခဲတယ်လေ။ အဲ့တော့ ဒီလိုလုပ်ရအောင်”

သူ့စကားကြောင့် ဝေ မျက်ခုံးပင့်ပြမိလိုက်သည်။ သူက လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း

“ဝေ့ရင်ထဲကသူကို ဆွဲထုတ်ပြီးတဲ့အချိန်ထိ ကျနော့ရင်ထဲမှာ ဝေရှိနေတုန်းဆိုရင် ကျနော့ကို ပထမဦးစားပေးအနေနဲ့ ဝေ စဉ်းစားပေးပါ။
ဒီအတောအတွင်းတော့ ကျနော်တို့ရင်ထဲက တယောက်ယောက်ကို ဆွဲထုတ်ဖို့ကြိုးစားနေကြသူအချင်းချင်း ကူညီရိုင်းပင်းတဲ့အနေနဲ့ သူငယ်ချင်းကောင်းတွေအဖြစ်ဆက်ရှိခွင့် ပေးမယ်မဟုတ်လားဟင်”

သူ့စကားကြောင့် ဝေ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
“ok! COOL”





















မတူညီသော ဆုံမှတ်များWhere stories live. Discover now