[ZAWGYI]
_အခန်း(၁)_
အတန်ငယ် တိတ်ဆိတ်တဲ့ ဆင်ခြေဖုန်းရပ်ကွက်ငယ်လေးက မိုးပေါက်တွေအောက်မှာ မခမ်းနားသော်ငြား ငြိမ်ငြိမ်သက်သက်ရှိနေသည်။
အစောပိုင်းက သည်းသည်းထန်ထန် ရွာချခဲ့သော မိုးသည် အရှိန်မသေသေးစွာ တစိစိဆက်ရွာနေဆဲ။
ဒီနှစ်မိုးဝင်တာက သာမန်ထက် စောလွန်းနေသလို မိုးဦးအစမှာတင် မိုးက မကြာခဏရွာကောင်းနေသည်...။
စိုစွတ်စွတ် ပတ်ဝန်းကျင်ကို ဖြတ်တိုက်လာတဲ့ ခပ်ကြမ်းကြမ်းလေအဝှေ့မှာ အအေးဓာတ်က စိမ့်ခနဲ တိုးဝင်လာ၏ ။
အေးစက်စက်နိုင်နေသည့် ရာသီဥတုကြောင့် ရပ်ကွက်ငယ်လေးက ပိုပြီး တိတ်တိတ်ဆိတ်ဆိတ်နိုင်နေသည်ဟု ဆိုရပေမည်။
မိုးရွာထားတဲ့အရှိန်ကြောင့် စိုစွတ်နေတဲ့ ရပ်ကွက်လမ်းလေးမှာ မိုးရေထွက်ချိုးရင်း ကစားပြီးလို့ လူစုခွဲကာ အသီးသီး အိမ်ပြန်နေကြတဲ့ ကလေးတချို့နဲ့ လမ်းသွားလမ်းလာ တစ်ယောက်စ နှစ်ယောက်စကလွဲလို့ သိပ်မရှိပေ။
အုံ့မှိုင်းမှိုင်း ရာသီဥတုကြောင့် ညနေ(၅)နာရီကျော်ဆိုသည့် အချိန်က အနည်းငယ် မှောင်ရီပျိုးစပြုသယောင်ရှိနေ၏ ။မဖွဲလွန်း မသည်းလွန်း ရွာနေဆဲ မိုးရေတွေကြား ရပ်ကွက်လမ်းလေးအတိုင်း ခပ်သွက်သွက် လျှောက်လာတဲ့ ကောင်မလေးတစ်ယောက်...။
မိုးစက်တို့က အပြာရောင်ထီးငယ်ရဲ့ အနားသတ်ကနေတစ်ဆင့် သူမ ကျောမှာလွယ်ပိုးထားတဲ့ အမည်းရောင်ဂစ်တာအိတ်ပေါ် တစ်စက်စက်ကျဆင်းနေသည်...။
ဂျင်းပင်န်အပြာနဲ့ အဝါရောင် Hoodie ကို တွဲဖက်ဝတ်ထားပြီး ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စီးထားတဲ့ သူမပုံစံက တကယ်ကိုလွတ်လပ်ပေါ့ပါးပြီး အုံ့မှိုင်းနေတဲ့ ပတ်ဝန်းကျင်ကို ထင်းလင်းသွားစေသလိုပင်။ရပ်ကွက်ထိပ် စတိုးဆိုင်ဆီ ရောက်တော့ ဆက်မသွားတော့ဘဲ ဆိုင်ရဲ့တံစက်မြိတ်မှာ မိုးခိုရင်း တစ်ယောက်ယောက်ကို စောင့်ဆိုင်းမည့်ဟန်တူသည်...။
ထီးကောက်ကို ရေစစ်ချပြီး လွယ်ထားတဲ့ ဂစ်တာအိတ်ကိုပါ ဘေးနား ထောင်ထားလိုက်ပြီးတဲ့နောက်
သူမရှေ့က ရောက်နှင့်နေတဲ့ ကောင်လေးကို ဦးစွာ ပြုံးပြလိုက်ပုံက တကယ်ကို နွေးနွေးထွေးထွေးပင်။
မေးရိုးနားမှာ ဝဲကျနေတဲ့ ဆံပင်တို့က အေးစက်စက် လေနုကြမ်းအဝှေ့မှာ ဖရိုဖရဲဖြစ်သွားတာတောင် စိတ်ရှုပ်ထွေးဟန် မရှိ။
ဆံပင်စတွေကို နားကြားထဲ ညှပ်လိုက်ပြီး
ကလေးအရပ်နဲ့ တန်းတူဖြစ်အောင် ငုတ်တုပ်ထိုင်ချရင်း ထိုကောင်ငယ်လေးနဲ့ ရယ်ရယ်မောမော စကားပြောနေသည့် မျက်လုံးတောက်တောက်ကလေးတွေနှင့် သူမက သဘောကျချင်စရာ အငွေ့အသက်တွေ အပြည့်။
အဲ့ဒါကြောင့်ပဲ ထင်ပါရဲ့။
ကလေးက သူမနဲ့ ခဏချင်းကို ရင်းနှီးသွားပြီး
သူ့လက်ထဲ ပိုက်ထားတဲ့ ဘောလုံးကို သူမရင်ခွင်ထဲ ထိုးပေးလိုက်ကာ နောက်ကို ဆုတ်သွားသည်။
