Zawgyi
နှစ်ဝက်စာမေးပွဲတွေ ပြီးသွားတာနဲ့ ရာသီဥတုက အလျင်အမြန် အေးလာခဲ့တယ်။ ရှဲ့မုန့်က မနက်၆နာရီမှာ နိုးလာခဲ့ပြီး သူ့အဘွားအတွက် နွားနို့အိုးတည်လိုက်တယ်။ နွားနို့အိုးပွက်လာမှာကို စောင့်နေရင်း ရှဲ့မုန့်က Sanshouအကွက်တစ်ချို့ လေ့ကျင့်နေလိုက်တယ်။ သူ နောက်ဆုံးကိုယ်ဟန်ကို လေ့ကျင့်နေတုန်း ရုတ်တရက် လက်ဖဝါးတစ်ဖက်က သူ့အမြင်အာရုံထဲကို ဝင်ရောက်လာခဲ့တယ်။ ရှဲ့မုန့်က ခြေလှမ်းအနည်းငယ်လောက် နောက်ဆုတ်လိုက်ပြီး သူ့ရဲ့ပြိုင်ဘက်ကို ပြန်တုံ့ပြန်လိုက်ကာ ၁မိနစ် ၂မိနစ်အတွင်းမှာပဲ သူတို့ဟာ ၁၀ကွက်ကျော်လောက် တိုက်ခိုက်ပြီးနေကြပြီ။
"ခြေထောက်တွေကို သတိထား!"
ကျန်းလော်ကျွမ်က အရပ်ပုတာကြောင့် သူမရဲ့ခြေတိုက်ကွက်တွေဟာ သွက်လက်မြန်ဆန်ပြီး တိကျမှန်ကန်လေတယ်။ ရှဲ့မုန့်က ဒူးကွေးလိုက်ပြီး သူ့ကိုယ်သူ မြဲမြံစွာမရပ်နိုင်ခင် သူ့ဆီရောက်ရှိလာတဲ့ တိုက်ကွက်တွေကို ရှောင်ရှားလိုက်တယ်။"အဘွား" ရှဲ့မုန့်က သက်ပြင်းချလိုက်ပြီး : "အဘွားရဲ့ခြေတိုက်ကွက်တွေကို မသုံးပါနဲ့လို့ ကျွန်တော်ဘယ်နှစ်ခါ ပြောရမလဲ? အဘွားက အသက်ကြီးနေပြီ"
ကျန်းလော်ကျွမ်က ကိုယ်ခံပညာသင်တန်းကျောင်းရဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမက အခုလေးတင် လေ့ကျင့်ပြီးထားတာကြောင့် သူမရဲ့ဆံနွယ်ဖြူတွေနဲ့ အရွယ်တင်တဲ့ မျက်နှာလေးဟာ သူမကို လန်းဆန်းတက်ကြွကာ တောက်ပနေစေတယ်။
"ဘာလို့လဲ?" ကျန်းလော်ကျွမ်ဟာ သူမရဲ့မြေးကို မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်ပြီးနောက် အပြုံးလေးနဲ့ ပြောလာတယ် : "မိန်းမအိုကြီးရဲ့ ခြေတိုက်ကွက်တွေကို မင်းကအထင်သေးတာလား? တိုက်ကွက်တွေက လုံလုံလောက်လောက် မကျွမ်းကျင်ဘူးလို့ မင်းကထင်တာလား?"
ရှဲ့မုန့်က နဖူးကို လက်ဖဝါးနဲ့ရိုက်လိုက်ပြီး : "...ကျွန်တော်ဆိုလိုတာ ဒီလိုမျိုး မဟုတ်ဘူးဆိုတာ အဘွားလည်းသိရဲ့သားနဲ့"
ကျန်းလော်ကျွမ်က နှာမှုတ်လိုက်ပြီး : "မင်းရဲ့ဆရာကို ငါသင်ပေးခဲ့တာပါ"