Zawgyi
စာရေးသူ၏အမှာစာ : ဒီဝတ္ထုလေးရဲ့ စာဖတ်သူတွေ အားလုံးကို ဒီထဲက ဇာတ်ကောင်လေးတွေလို relationshipမျိုး ခံစားနိုင်စေချင်ပါတယ်။ မင်းတို့အားလုံးမှာ မင်းတို့ဘဝရဲ့ အချိန်တွေရှိပြီး ကျန်ရှိနေတဲ့ အချိန်တွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ရှင်သန်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ မင်းတို့အားလုံးကို ထာဝရပျော်ရွှင်ပြီး ချမ်းသာသုခနဲ့ပြည့်စုံကာ သာယာမှုတွေ ပြည့်နေတဲ့ဘဝနဲ့ ကျန်းမာရေးကောင်း ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
.....
ဒီနေ့ဟာ နွေရာသီရဲ့ နေ့တစ်နေ့ပဲ။ ပုစဉ်းရင်ကွဲကောင်လေးတွေက စူးစူးရှရှ အော်မြည်နေကြပြီး တောက်ပနေတဲ့ နေရောင်ခြည်ဟာ ကားပြတင်းမှန်ကတဆင့် ရှဲ့မုန့်ရဲ့ မျက်နှာပေါ် ကျရောက်လာခဲ့တယ်။ ရှဲ့မုန့်ဟာ အပူဒဏ်ကို မခံစားနိုင်တာကြောင့် လက်မြှောက်ပြီး သူ့မျက်နှာပေါ်က နေကိုကာလိုက်ပေမယ့် သူ့ရှပ်အင်္ကျီ ကျောပေါ်မှာတော့ ချွေးတွေစိုရွှဲနေပြီ။
ယိမ်းထိုးလှုပ်ယမ်းသွားပြီးနောက် ဘတ်စ်ကားဟာ မှတ်တိုင်မှာ ထိုးရပ်သွားလေတယ်။ လူအုပ်ကြားထဲကနေတိုးရင်း ရှဲ့မုန့် ဘတ်စ်ကားပေါ်ကနေ ဆင်းလာလိုက်တယ်။ ထို့နောက် ရှဲ့မုန့်တစ်ယောက် မျက်မှောင်ကြုတ်ကာ သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်ပြီး တောက်ပနေတဲ့ နေရောင်ခြည်အောက်မှာပဲ ကျောင်းဂိတ်ဝဆီကို လျှောက်သွားလိုက်တယ်။
Wအထက်တန်းကျောင်းရဲ့ ပထမဆုံး ကျောင်းတက်ရက်မှာ မောင်မယ်သစ်လွင်တွေကို ကြိုဆိုတဲ့ အနီရောင် နဖူးစည်းစာတန်းကြီးကို ကျောင်းဂိတ်ဝတစ်လျှောက် ချိတ်ဆွဲထားလေတယ်။ စာတန်းပေါ်မှာတော့ ခေတ်ဟောင်းနေတဲ့ စာသားတွေ ရေးသားထားတယ် "ဒီနေ့ Wအထက်တန်းကျောင်းကြောင့် ငါဂုဏ်ယူရတယ် မနက်ဖြန်မှာတော့ ငါ့ကြောင့် Wအထက်တန်းကျောင်းကြီး ဂုဏ်ယူရလိမ့်မယ်!" ထိပ်ဆုံးကျောင်းတွေရဲ့ စာရင်းထဲမှာ မပါဝင်တဲ့ ကျောင်းတစ်ကျောင်းအနေနဲ့ Wအထက်တန်းကျောင်းရဲ့ သင်ကြားရေးစနစ်ဟာ သိပ်ပြီးတော့ မထူးခြားလေဘူး။ အဲဒီ့လိုပဲ ဝင်ခွင့်လျှောက်ထားတဲ့ ကျောင်းသားသစ်ဦးရေဟာလည်း အင်မတန် နည်းပါးလေတယ်။ ပထမနှစ်တွေအတွက် တန်းခွဲ၆ခန်းသာရှိပြီး တစ်ခန်းဆီမှာလည်း ကျောင်းသား၄၀လောက်သာ ရှိလေတယ်။ ကျောင်းဖွင့်စအချိန်မှာတောင် ကျောင်းဝန်းကြီးက သိပ်ပြီးအသက်ဝင်မနေဘူး။
