Zawgyi
အားကစားပြိုင်ပွဲစဖို့ တစ်ပတ်အလိုမှာ ကြမ်းပြင်ပေါ် လှဲချပြီး ဘောလုံးကိုပိုက်ကာ လှိမ့်သွားတတ်တဲ့ ကျန်းကန်းကန်းဟာ နောက်ဆုံးတော့ အတားအဆီးတွေ ကြားထဲကနေ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် သယ်တတ်သွားလေတယ်။ ချီဖေးကတော့ ရှည်ကြာလေးလံတဲ့ တာဝန်ကြီးတစ်ရပ်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးသလို ခံစားလိုက်ရတော့တယ်။ သူ့ဘဝမှာ ဒီ့ထက်ဂုဏ်ယူစရာ မရှိတော့ဘူး... သေချာတာပေါ့ တိုးတက်မှုက ထိုတစ်ခုတည်းတော့ မဟုတ်လေဘူး။
အကြောင်းတစ်ချို့ကြောင့် ပြိုင်ပွဲမစခင်မှာ ကျီချင်းရန်ဟာ ဆံပင်အနက်ဆေး ဆိုးလာခဲ့လေတယ်။
ထိုကောင်လေး စာသင်ခန်းထဲ ဝင်ဝင်ချင်းပဲ အတန်းသူ အတန်းသားတွေရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတယ်။ ရှဲ့မုံ့လည်း မော့ကြည့်လိုက်ချိန်မှာတော့ သူ့ကိုကြည့်နေတဲ့ ကျီချင်းရန်ကို မြင်လိုက်ရတယ်။
"မောနင်း" ကျီချင်းရန်က နားကြပ်ဖြုတ်ရင်း နှုတ်ဆက်လာတယ်။ ဆံပင်ပျော့ဆေး သုံးလာပုံ ရတာကြောင့် သူ့ဆံပင်တွေဟာ အရင်လို ဖွာလန်ကြဲမနေဘဲ မှင်လိုနက်မှောင် တောက်ပြောင်နေတော့တယ်။
ရှဲ့မုံ့ဟာ အကြိမ်တစ်ချို့ ငေးကြည့်ပြီးနောက်မှာ ပြန်နှုတ်ဆက်လိုက်တယ် : "မောနင်း..."
ကျီချင်းရန်က ပြုံးပြလာတယ်။ သူ့မျက်နှာအချိုးအစားဟာ သေသပ်ထင်ရှားပြီး ဆံပင်အနက်ရောင်နဲ့ ပိုပြီးလိုက်ဖက်ကာ ဖက်ရှင်မဂ္ဂဇင်းတွေထဲက မျက်နှာဖုံး အမျိုးသားမော်ဒယ်တွေလိုမျိုး ချောမောခန့်ညားနေခဲ့တယ်။
ချီဖေး : "...မင်းကိုယ်မင်း နတ်ဘုရား အဒိုးနစ်အဖြစ် ပြောင်းလဲဖို့များ စီစဉ်နေတာလား?"
ကျီချင်းရန် အံ့အားသင့်သွားတယ် : "ငါကဖြစ်နေပြီးသား မဟုတ်ဘူးလား?"
ကျန်းကန်းကန်းက ဝင်ရောက်ဆွေးနွေးလိုက်တယ် : "ပြောရမယ်ဆိုရင် မင်းကWအထက်တန်းကျောင်းမှာတော့ နံပါတ်တစ် အလှလေးပဲ..."
ကျီချင်းရန်က ပိုပြီးအံ့အားသင့်သွားတယ် : "ငါဘယ်လိုလုပ်ပြီး ဒီအကြောင်း မသိလိုက်ရတာလဲ?"