အပိုင်း ၁

2.3K 181 44
                                    

Unicode

အေးစက်နေတဲ့လေ ဟာ ဧသာဒ်ရဲ့ မျက်နှာကို တိုးဝင် တိုက်ခတ်နေတယ်။ ပခုံးထိရောက်တဲ့ နီညိုရောင် ဆံပင်ရှည်ရှည်တွေဟာ သူဝတ်ထားတဲ့ အဖြူဆွတ်ဆွတ် ရှပ်အင်္ကျီလိုပဲ လေအဝှေ့မှာ တလူလူလွင့်နေတယ်။

သူရောက်နေတဲ့နေရာဟာ ဝိတိုရိယတောင်ပေါ် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ရှစ်ထောင် ကျော်မှာရှိတယ်။ တိမ်တွေဟာ ကောင်းကင်ပြာကို နောက်ခံထားပြီး သူ့ရှေ့ခပ်လှမ်းလှမ်း မှာ လွင့်မျောနေကြတယ်။

သူ့ခြေတစ်လှမ်းစာနေရာလောက်မှာတော့ သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ ချောက်တစ်ခုရှိနေတယ်။ ပြုတ်ကျသွားရင် အရိုး အသား ရှာမရလောက်အောင်နက်ရှိုင်းတယ်။

သူ့မှာ ခုန်ချဖို့ စိတ်ကူးမရှိပါဘူး။

သူဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်က ဒီနေရာကနေ ခုန်ချသွားတဲ့ လူတစ်ယောက်ကို လာတွေ့တာသာဖြစ်တယ်။

အဲဒီမိန်းကလေးဟာ ဖန်တရာထေနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲကအတိုင်း အနက်ရောင် တောင်တက်ဖိနပ်ကို အခု သူရပ်နေတဲ့နေရာမှာ ချွတ်ခဲ့ပြီး ချောက်ထဲကို ခုန်ချသွားခဲ့တယ်။

တစ်လောကလုံးမှာ သူအချစ်ရဆုံး သူ့ရဲ့ မမ ဟာ ဧသာဒ် ကို နှုတ်ဆက်ဖို့ စာလေးတစ်စောင်တောင် ဖိနပ်ဘေးမှာ မချန်ခဲ့ဘူး။

ဒါပေမယ့် မမဟာ အဲဒီနေ့မှာ အိုင်ယာလန်ကနေ ဧသာဒ် လှမ်းပို့ခဲ့တဲ့ အနီရောင် ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ထားခဲ့တယ်။ အဲဒါက ချောက်ထဲမှာတွေ့တဲ့ ရုပ်ပျက်ဆင်းပျက် အလောင်းတစ်လောင်းဟာ မမဖြစ်တယ်လို့ အတည်ပြုတဲ့နေရာမှာ အရမ်းအသုံးဝင်ခဲ့တယ်။

တစ်လောင်း ဆိုတာထက် နှစ်လောင်း လို့ပြောရင်ပိုမှန်မလား....

သူဟာ ချောက်ထဲကို ထိုးထွက်နေတဲ့ အငူပေါ်မှာ ခြေတွဲလောင်းချပြီး ထိုင်လိုက်တယ်။

ပြီးတော့ "တစ်လောင်းခွဲ" လို့ သုံးနှုန်းဖို့ ဆုံးဖြတ်လိုက်တယ်။ မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ဖွံ့ဖြိုးခွင့်မရခင် မိခင်ရဲ့ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်ဘဲ သေဆုံးသွားရှာတာဆိုတော့ အလောင်းတစ်လောင်း လို့သတ်မှတ်လို့ ဘယ်ရမလဲ။

မောင့် မာရီဂိုးလ်Where stories live. Discover now