Unicode
ကုန်းလျောလေးအတိုင်း စက်ဘီးကို Free ရိုက်ပြီး ဆင်းလာတဲ့ အချိန်မှာ အတော်လေးမိုးချုပ်နေပြီ ။ ညမွှေးပန်းတွေရဲ့ ရနံ့ဟာ လေအဝှေ့မှာ တစ်ချက်တစ်ချက် သင်းပျံ့လာတယ်။ လမ်းတစ်ဖက်တစ်ချက်က တိုက်ပုလေးတွေရှိတဲ့ ခြံကျယ်ကျယ်တွေကို ဖြတ်သွားတိုင်း ရုပ်မြင်သံကြားက ထွက်လာတဲ့ အသံတွေ ကိုကြားရတယ်။
ရှေ့မီးထိုးထားတဲ့ စက်ဘီးလေးဟာ တစ်ထပ်တိုက်လေးရှိတဲ့ ခြံဝန်းရှေ့မှာရပ်လိုက်တယ်။ အပြာရောင် အုတ်နံရံတွေ ကာထားတဲ့ ခြံလေးရဲ့ အနက်ရောင် သံတံခါးကို တွန်းဖွင့်လိုက်တော့ "ဒေါက်တာ သီဟသက်ထင်, M.Med Sc (Pharmacology) ဆိုတဲ့ ဆိုင်းဘုတ်လေး လှုပ်ခါသွားတယ်။
သူဟာ စက်ဘီးကို မှောင်နေတဲ့ ဆေးခန်းလေးကို ကျော်ပြီး တွန်းသွားတယ်။ သူ့ရဲ့ဆေးခန်းလေးဟာ စနေ တနင်္ဂနွေ ညနေတိုင်းဖွင့်တယ်။ သူ့ဆေးခန်းက ဒီရပ်ကွက်က လူတွေအတွက် ဖွင့်ပေးတာ တော့ မဟုတ်ပါဘူး ။
ဒီရပ်ကွက် အလွန် မှာ "တိုင်းရင်းသားကျေးရွာ" လို့ နာမည်တပ်ခံရတဲ့ နေရာတစ်ခုရှိတယ်။ အိမ်တွေကို ပြွတ်သိပ်ကျပ်ညပ်အောင် ဆောက်ထားပြီး လူမျိုးပေါင်းစုံ တိုးဝှေ့နေကြတဲ့ အဲဒီ ကျူးကျော်ရပ်ကွက်ကို တိုင်းရင်းသားကျေးရွာလို့ ခေါ်ကြတယ်။ အဲဒီနေရာက လူတွေဟာ ဘယ်လောက်နေမကောင်းဖြစ်ဖြစ် တခြားမသွားဘဲ စနေ တနင်္ဂနွေ ရောက်တဲ့အထိ စောင့်ပြီး ဒေါက်တာလေးရဲ့ ဆေးခန်းကို လာကြတယ်။
ဒီဆေးခန်းမှာ ဆေးကုခလဲ မယူတဲ့အပြင် ဆေးလဲ အလကားရတယ်။ ကလေးတွေခေါ်လာရင် အားဆေးနဲ့ မုန့်လဲ ပေးတယ်။ဒီလို လက်ဖွာပုံကြောင့်ပဲ ဆေးခန်းလေးရဲ့ နောက်ဘက် က တစ်ထပ်တိုက်ပုလေးဟာ သူ့အမေထားသွားတဲ့ ပုံစံထက် ဘာမှ မတိုးတက်လာဘူး။
အထူးကုဆေးခန်းတွေမှာထိုင်ရင် လူနာတွေ အုံနေပြီး ငွေသောက်သောက်လဲ ဝင်တဲ့ ဒေါက်တာသီဟသက်ထင်မှာ လက်ဆုပ်လက်ကိုင် ပြစရာ ဆိုလို့ ဒီတစ်ထပ်တိုက်ပုလေးနဲ့ ကားတစ်စီးအပြင်မရှိဘူး။
သူဟာ လေလေး ချွန်ရင်း သံပန်းတံခါးကို ဆွဲဖွင့်လိုက်တယ်။ စက်ဘီးကို တိုက်နံရံနဲ့ ကပ်ပြီးရပ်၊ သော့ခတ်ပြီး အိမ်ထဲဝင်လိုက်တယ်။

STAI LEGGENDO
မောင့် မာရီဂိုးလ်
Storie d'amoreမာရီဂိုးလ် ပန်းလေးတွေဟာ နေရဲ့ အရောင်နဲ့ ဆင်တူတဲ့ အဝါရောင် ကို ပိုင်ဆိုင်ထားတယ်။ သူတို့ဟာ ပျော်ရွှင်ခြင်းနဲ့ နွေးထွေးခြင်းကို ကိုယ်စားပြုတယ်။ ကံကောင်းခြင်းကို ပေးစွမ်းနိုင်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ လွမ်းဆွတ်ခြင်းနဲ့ အဆုံးမဲ့ နောင်တရဲ့ ပြယုဂ်ဖြစ...