Unicode
ဆွေသက်ဟာ ကော်ဖီတစ်ခွက် ကိုင်ရင်း ဧသာဒ်ရဲ့ အခန်းထဲကို တံခါးအဟလေးကနေ ချောင်းကြည့်ဖို့ကြိုးစားနေတယ်။
အကြောင်းအရင်းကတော့ တနင်္ဂနွေနေ့ နေ့လည်ကြီးမှာ ဧသာဒ်ဟာ အလုပ်လုပ်နေတာကြောင့်ပဲ။ ဧသာဒ်ဟာ အလုပ်လုပ်တဲ့နေရာမှာ ဖြတ်ထိုးဉာဏ်ရှိပြီး သွက်လက်တဲ့သူဖြစ်တယ်။ သူ့ရဲ့ ဆောင်ပုဒ်က မြန်မြန် ဆုံးဖြတ်ချက်ချ၊ မြန်မြန်လုပ်၊ မြန်မြန်ပြီး ပဲဖြစ်တယ်။ ဖင့်နွဲ နှေးကွေးတာဟာ ဧသာဒ်ရဲ့ စတိုင် မဟုတ်ဘူး။
ဒါပေမယ့် ဧသာဒ်ဟာ ရုံးအလုပ်တွေ အိမ်ကို သယ်ရတာကြိုက်တဲ့လူ မဟုတ်ဘူး။ အထူးသဖြင့် ပိတ်ရက်မှာ ရုံးအလုပ်တွေ အကြောင်း နားစွန်နားဖျားတောင် ကြားချင်တဲ့သူ မဟုတ်ဘူး။ ဒါကြောင့် ပိတ်ရက်ကြီးမှာ ဖုန်းတွေဆက်ပြီး တကုပ်ကုပ် အလုပ်ရှုပ်နေတဲ့ ဧသာဒ်ဟာ ဆွေသက်အတွက်တော့ ဖုတ်ဝင်ပူးနေတဲ့ အလောင်းကောင်ကြီးနဲ့ တူနေတာပဲဖြစ်တယ်။
"ဘာလို့ ချောင်းနေတာလဲ၊ ဝင်ချင်ရင် ဝင်လာလေ"
ဧသာဒ်ရဲ့ ဖိတ်ခေါ်တဲ့ စကားကြောင့် ဆွေသက်ဟာ ဧသာဒ်ရဲ့ အခန်းထဲက အလုပ်စားပွဲဆီကို မယောင်မလည်နဲ့ ရောက်လာပြီး စာရွက်တွေကို ဟိုလှန် ဒီလှန် လုပ်ကြည့်တယ်။ တစ်ချိန်တည်းမှာ ဧသာဒ်ရဲ့ကိုယ်ထဲက ဖုတ်ကောင်က ရန်ပြုလာရင် ထွက်ပြေးဖို့ တံခါးပေါက်ဘက်ကိုလဲ ကြည့်နေရသေးတယ် ။ "ဘာတွေ အလုပ်ရှုပ်နေတာလဲ"
"အသိတစ်ယောက်ရဲ့ ဘိုးဘွားရိပ်သာ အတွက် တစ်နှစ်စာ ဆေးဝါးအကူအညီ တောင်းဖို့ NGO ရှာနေတာ" ဧသာဒ်က ပြောရင်း ဆံပင်တွေကို စိတ်ရှုပ်စွာပဲ ဖွလိုက်တယ်။ ပြီးတော့ လက်ထဲက ဘောပင်ကို စားပွဲပေါ် ပစ်တင်လိုက်တယ်။ "အဆင်မပြေပါဘူး။ NGO တော်တော်များများက နောက်နှစ်အတွက် ဘတ်ဂျက် Plan ဆွဲပြီးသားဖြစ်နေတော့ အခုမှ အကူအညီလိုက်တောင်းရတာ အတော်လေးကို့ရို့ကားယားနိုင်တယ်။"
ဆွေသက်ဟာ ဧသာဒ်ရဲ့ စာရွက်တွေကို လိုက်ဖတ်နေရင်း သူ့ရဲ့ လုပ်ငန်းလုပ်တဲ့ ဉာဉ်လေး ဝင်လာတယ်။ "ဘာလို့ ဆေးဝါးကုမ္ပဏီတွေကို မစဉ်းစားတာလဲ။ စပွန်ဆာ သဘောမျိုး လှူပေးဖို့ အကူအညီတောင်း ကြည့်ပါလား"
YOU ARE READING
မောင့် မာရီဂိုးလ်
Romanceမာရီဂိုးလ် ပန်းလေးတွေဟာ နေရဲ့ အရောင်နဲ့ ဆင်တူတဲ့ အဝါရောင် ကို ပိုင်ဆိုင်ထားတယ်။ သူတို့ဟာ ပျော်ရွှင်ခြင်းနဲ့ နွေးထွေးခြင်းကို ကိုယ်စားပြုတယ်။ ကံကောင်းခြင်းကို ပေးစွမ်းနိုင်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ လွမ်းဆွတ်ခြင်းနဲ့ အဆုံးမဲ့ နောင်တရဲ့ ပြယုဂ်ဖြစ...