❄️ အပိုင်း ၁ ❄️

1.5K 99 12
                                    

Unicode;

နှိုးစက်မြည်သံက ကျယ်ကျယ်လောင်လောင်....။

အေးစက်နေတဲ့ဆောင်းညထဲ
စောင်ပုံထဲဆက်ကွေးနေလို့မဖြစ်တော့တာမို့
ငုတ်တုတ်ထထိုင်လိုက်ရင်း
မပွင့်တပွင့်မျက်လုံးများကိုပွတ်သပ်ကာ
ကျုံးထရသည်။

လှုပ်လိုက်တာနဲ့ ကျောရိုးထဲထိစိမ့်တက်လာတဲ့ အအေးဓာတ်က လူအလစ်ချောင်းနေတဲ့သူခိုးလိုပဲ။

အငွေ့ရိုက်နေတဲ့ရေအေးအေးနဲ့
မျက်နှာကို အားတင်းသစ်ပြီး
အဝတ်အစားလဲပြီးချိန်မှာတော့မနက် 5 နာရီခွဲပြီ။

တစ်ယောက်စာအနေတော်တိုက်ခန်းလေးကို
သော့ပိတ်ရင်း လွယ်အိတ်လေးကိုဆွဲလို့
အောက်ထပ်ကိုပြေးဆင်းလာခဲ့တော့
တိုက်ခန်းဝန်းကိုစောင့်တဲ့ဦးလေးကြီးက ရိုးရာမပျက်နှုတ်ဆက်တယ်။

"အလုပ်သွားပြီလား ကောင်လေး"

"ဟုတ်ကဲ့ ဦးလေး...မဂ်လာနံနက်ခင်းပါ"

"ဟုတ်ပါပြီကွာ...ကော်ဖီသောက်သွားဦး"

"မသောက်တော့ဘူး ဦးလေး၊ နောက်ကျမှာစိုးလို့။"

ဦးလေးကြီးကိုနှုတ်ဆက်ပြီးတာနဲ့
အစောင့်ဦးလေးကြီးရဲ့ရုံးခန်းလေးဘေးနားက  ကိုယ်ပိုင်စီးတော်ယာဉ်လေးကို သော့ဖွင့်ရတယ်။

လက်ကိုင်လေးမှာ အက်ကွဲနေပြီဖြစ်တဲ့
စက်ဘီးပြာပြာလေးက ဖေဖေ့ရဲ့နောက်ဆုံးမွေးနေ့လက်ဆောင်လေးပဲ။သူနဲ့အေးအတူပူအမျှ မခွဲမခွာရှိလာတာ သုံးနှစ်တောင်ရှိပေါ့။

စက်ဘီးလေးကိုခပ်သော့သော့နင်းရင်း
ပိတ်သည်းနေတဲ့နှင်းထုတွေကြား ထိုးခွဲလာရတာမို့ လက်အိတ်ဝတ်ထားတဲ့ကြားက သူ့လက်တွေအေးခဲလာသလိုခံစားရတယ်။

ဒီနှစ်ဆောင်းက အရင်ကထက်ပိုအေးနေသလိုပဲ။ မဟုတ်ဘူး.....သူတို့လိုနေဖင်ထိုးတဲ့အထိအိပ်ရာထဲဇိမ်ခံလို့မရတဲ့လူတန်းစားတွေအတွက်ပဲ ပြင်းထန်တဲ့ရာသီဥတုဖြစ်မယ်။

မနက်အစောကြီးမို့ လမ်းမပေါ်မှာလူသွားလူလာ သိပ်မရှိသေး။
ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့
နမ့်ဆမ်တာဝါကြီးက နှင်းငွေ့တွေကြား
ရောင်စုံမီးတွေနဲ့ဖြာလက်နေတယ်။

ချစ်ခြင်းစက်ဝန်း 10:13Where stories live. Discover now