"ဟင့်အင်း...ကျွန်မ ရှင့်ကို ချစ်လို့မဖြစ်ဘူး နွေ..."
ဖြူဖျော့နေသော မျက်နှာကလေးမှာ သွေးပျက်နေသလို။ထို့ထက်ပိုသည်က ဝမ်းနည်းရိပ်စွန်းနေသော မျက်လုံးကလေးများ။အဲဒါအပြင် နာကျင်ခြင်းတချို့ကိုလဲ ထိုမျက်ဝန်းကလေးထဲ ဝိုးတဝါး တွေ့ရှိနေရသေးသည်။
ဆို့နင့်လာသော ခံစားချက်တချို့ကို မျက်နှာမှာမပေါ်အောင် ကြိုးစားပမ်းစား ထိန်းသိမ်းလိုက်ရင်းက ထိုတုန်လှုပ်နေသော မျက်နှာကလေးကို နွေ သနားကြင်နာစွာ ကြည့်မိသည်။
"တို့သိပါတယ်...အဲဒါကို တို့ကောင်းကောင်းသိတာမလို့ စိတ်မပူပါနဲ့..."
နားမလည်နိုင်ခြင်းတို့ပြည့်နှက်နေသော အကြည့်တို့ကို နှစ်သိမ့်လိုငြား သူမပြုံးပြလိုက်သည်။
ဒီလောက်နဲ့တင် လုံလောက်ပြီပေါ့ နွေ။
နွေဆိုတာနဲ့ ပူလောင်မှုဆိုတဲ့ ပညတ်ချက်တွေကို သူမက ထပ်ဆင့်အတည်မပြုပေးသင့်ဘူးမဟုတ်လား။
နွေသည် နာမည်နဲ့မလိုက်ဖက်စွာပင် သူ့ကိုတော့ အေးချမ်းလှပမှုတွေကိုသာ သီးသန့်ပေးချင်ခဲ့တာဖြစ်လေသည်။
***
ရှုပ်ယှက်ခတ်နေသော လူတွေကြားထဲ ခဏမျှဘေးကပ်ရပ်လိုက်ကာ ပင့်သက်ကို အသာရှိုက်မိသည်။ကြုံနေကျနေ့ရက်အချို့။ဒါပေမယ့်လဲ ဘယ်တော့မှ အသားမကျနိုင်တဲ့နေ့ရက်တွေ။ဖြတ်သန်းသွားနေသော လူတွေထံမှ ရေမွှေးနံ့တွေလို အနံ့တွေ နှာခေါင်းထဲ ဝင်လာတော့ ပျို့တက်မလို ဖြစ်သွားရသည်။ကျောပိုးအိတ်ဘေးက လက်ကိုင်ပုဝါကို ကမန်းကတန်း နှိုက်လိုက်ကာ ပါးစပ်ကို အလျင်အမြန်အုပ်ရင်း ပလက်ဖောင်းကို ကာရန်ကျောပေးလိုက်သည်။
မျက်စိကိုပါ မှိတ်ချလိုက်ကာ အခြေအနေအပေါ် အသိကပ်ဖို့ တော်တော်ကြိုးစားလိုက်ရသည်။နားထဲ၌ ကားဟွန်းတီးသံများ၊လမ်းဘေးစျေးသည်တို့၏အသံများ၊စကားပြောသံများကအဆက်မပြတ် ခုန်ပေါက်ဝင်လာတော့ ဘောင်းဘီအိတ်ထဲရှိ earphoneကို အလျင်အမြန်ဆွဲထုတ်ကာ နားထဲ ထည့်လိုက်သည်။
"အချစ်အကြောင်းများ မသိခဲ့ဘူး...ငယ်စဥ်က အသက်အရွယ်မှာ... ရူးလောက်တဲ့အချစ်မျိုးလဲ ကိုယ်တိုင်မတွေ့မိသေးပါ...ဒဏ္ဍာရီ ပုံဆန်တဲ့အလွမ်းအဆွေးမျိုးနဲ့ တစ်နေ့တော့ဖြင့် တို့ကြုံမှာ မတွေးမိသေး..."
YOU ARE READING
ပထမဆုနဲ့ ထာဝရ...သူ : The Rhythm & The Rhyme
Romanceနွမ်းနေတဲ့ ခရေပန်းလေးတွေကို အိတ်ထဲ ထည့်ထားရင်း ခြေလှမ်းမှန်စေလိုတဲ့ဆန္ဒတွေနှင့် ဖိနပ်တစ်ရံကို ပိုက်ထားတဲ့ သံစဉ်တစ်ခုဟာ ရှင်သန်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပါတယ်...