"သီချင်းနားထောင်ဖြစ်လား rhyme..."
နွေ့ရဲ့အမေးကို အိပ်မက်က နိုးလာသူလို ကြောင်အအနဲ့ ကာရန် ခေါင်းခါပြမိသည်။မြွေတစ်ကောင်ရဲ့ ညှို့ချက်မိထားတဲ့သူလို အသိစိတ်မဲ့စွာ နွေ့ရဲ့ ဆံနွယ်ခွေခွေလေးတွေကိုသာ ကြည့်နေမိသည်။
"နွေကတော့ သီချင်းတွေဟာ ဒုတိယဖြေသိမ့်ရာလို့ သတ်မှတ်ထားတာပဲ..."
နွေ့ရဲ့ ပထမဖြေသိမ့်ရာဟာ ဘာပါလိမ့်ဟူသော အတွေးတွေက ခေါင်းထဲ ချက်ချင်းရောက်လာတော့ ကာရန် ကိုယ့်ကိုကိုယ် ကြောက်ရွံ့လာမိသည်။နွေ့ကို ညိတွယ်သွားလို့မဖြစ်။နွေ့ကို အတွေးတွေထဲ ထည့်ထားလို့မဖြစ်။နွေ့ကို ချစ်မိသွားလို့ မဖြစ်ချေ။
"နွေက သိပ်ပြီးတော့ ခေါင်းမာသလောက် တစ်ခါတစ်လေတော့လဲ စိတ်ကူးယဉ်ဆန်တယ် သိလား rhyme..."
နွေသည် သူမရဲ့ ရင်ထဲရောက်ဖို့ တံခါးချပ်များကို တစ်ချပ်ပြီးတစ်ချပ် ကိုယ်တိုင်ဖွင့်ပြနေသလိုပါပဲ။ကာရန် ဘာလုပ်ရမလဲ။ဘာလုပ်ရမလဲကို သိနေသည့်တိုင် ကိုယ့်ကိုကိုယ် ပြန်မေးနေမိတဲ့အထိ တွေဝေနေပြီလား။
"နွေ့မှာ သဘောအကျဆုံး သီချင်းလေးတစ်ပုဒ်ရှိတယ် rhyme...နွေ့ရဲ့အိပ်မက်က တစ်ချိန်ကျ နွေအမြတ်နိုးဆုံးသူရှေ့မှာ အဲသီချင်းလေးကို ဆိုပြချင်တာလေ...စိတ်ကူးကြည့်ရုံနဲ့တင် တကယ်ကို နွေးထွေးရတယ်မလား..."
သက်ပြင်းခိုးရှိုက်ကာ ကာရန်ခေါင်းအသာညိတ်လိုက်သည်။နွေ့ရဲ့ အမြတ်နိုးဆုံးသူနဲ့ နွေ့ရဲ့ ပထမဆုံး ဖြေသိမ့်ရာ။ဘယ်သူများဖြစ်မှာပါလိမ့်။တစ်ဖက်ခြမ်းကို အနည်းငယ်စိတ်သက်သာရာ ရသွားပေမယ့် တခြားဘက်မှ ပိုပူလာသော ခံစားချက်ကို ရသည်။
"နွေ သဘောကျမဲ့သူက တကယ်ကို ကံကောင်းတာပါပဲ..."
နွေက ရယ်ကာ ခေါင်းကို အသာခါရမ်းပါသည်။ရယ်မောနေပေမယ့် ဝမ်းနည်းရိပ်တွေလဲ နွေ့မျက်ဝန်းမှာပေါ်နေသည်။
"နောက်လဲ မင်း အဲလိုပဲ တွေးဖို့ မျှော်လင့်ပါတယ်ကွယ်..."
နွေဟာ စကားတွေကို လိုသလို ကွေ့ပတ်ရှောင်လွဲပြီး ပြောတတ်သူဖြစ်သည်။နွေ့စကားတွေရဲ့ ရည်ရွယ်ချက်ကို ရိပ်စားမိဖို့ ခက်သည်။နွေ့စကားတွေရဲ့ ရည်ညွှန်းသူကို မှန်းဆမိဖို့ ခက်သည်။နွေ့နှလုံးသားကို အကဲခတ်မိဖို့တော့ ပိုခက်ပါလိမ့်မည်။
DU LIEST GERADE
ပထမဆုနဲ့ ထာဝရ...သူ : The Rhythm & The Rhyme
Romantikနွမ်းနေတဲ့ ခရေပန်းလေးတွေကို အိတ်ထဲ ထည့်ထားရင်း ခြေလှမ်းမှန်စေလိုတဲ့ဆန္ဒတွေနှင့် ဖိနပ်တစ်ရံကို ပိုက်ထားတဲ့ သံစဉ်တစ်ခုဟာ ရှင်သန်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပါတယ်...