"သမီးလေး...ဘာဖြစ်လာတာလဲ..."
စိုးရိမ်တကြီးထွက်လာတဲ့ ဖေဖေ့နောက်မှာ မေမေကပါ သုတ်သုတ်ပြာပြာနဲ့ ထွက်လာပါသည်။ထိုအမျိုးသမီးကပါ ကားပေါ်က လိုက်ဆင်းလာကာ ကာရန့်ဘေးနား လာရပ်ပါသည်။
"ဘာမှ မဖြစ်ပါဘူး ဖေဖေ...လမ်းမှာ ဖိနပ်ပြတ်သွားလို့ ဒီအစ်မက လိုက်ပို့တာပါ..."
ဖေဖေနဲ့ မေမေရဲ့ စူးစမ်းနေတဲ့ အကြည့်တွေကို သူမက အပြုံးနဲ့ တုံ့ပြန်ပါသည်။တော်တော်လှလွန်းတာကိုတော့ တဖြည်းဖြည်း လက်ခံနေရပြီ ဖြစ်သည်။နေနေသာ တွေ့လျှင် တအားကို လိုက်ကြည့်မှာ အသေအချာပင်။နေနေက မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် ချောနေတာတွေ့ရင် သူတို့တောင် ချောပေးနေရတာ ငါက ကြည့်ပေးတာလေးတော့ လုပ်ရမှာပေါ့ဟု ပြောကာ အမြဲ လိုက်ငမ်းလေ့ ရှိပါသည်။
"တွေ့ရတာ ဝမ်းသာပါတယ် ဦးဦး..."
ဖေဖေ့ကို နှုတ်ဆက်တော့မှ ဖေဖေက အသိဝင်လာကာ ပြန်ပြုံးပြပါသည်။
"အေးအေး ဝမ်းသာပါတယ်ကွယ်...အိမ်ထဲ ဝင်ပါဦး သမီး...တစ်ခုခု ဧည့်ခံချင်လို့ပါ..."
ငြင်းလောက်မည်ထင်ပေမယ့် သူမက ကြည်ကြည်သာသာပင် အိမ်ထဲ လိုက်ဝင်လာပါသည်။သာမန်ထက် အနည်းငယ်ပိုလျှံရုံသာ ဖြစ်သော ကာရန်တို့အိမ်ကလေးသည် သူမအတွက်တော့ တော်တော်ပင် သေးနုပ်နေပေလိမ့်မည်။မေမေကတော့ ကော်ဖီဖျော်ရန် မီးဖိုချောင်ထဲ ဝင်သွားပါသည်။
"ဘယ်လိုဖြစ်ပြီး တွေ့လာကြတာလဲ သမီးတို့..."
ဧည့်ခန်းထဲက ဆက်တီပေါ် ဝင်ထိုင်ပြီးတာနဲ့ ဖေဖေက စကားစပါသည်။ကာရန်အကြမ်းဖျင်းပြောပြထားသည့်တိုင် စိတ်ပူတတ်သူမို့ အသေးစိတ်ကို သိချင်နေသေးပုံ ရပါသည်။
"ညီမလေးက လမ်းမှာ ဖိနပ်ပြတ်သွားပြီး အနားမှာလဲ ဆိုင်တွေ မရှိတော့ နွေနဲ့လဲ လမ်းကြုံနေတာမို့လို့ ပြန်ပို့ပေးတာပါ ဦးဦး..."
နွေ....နာမည်တစ်ခုက နားထဲကို အေးချမ်းစွာ ဝင်ရောက်လာပါသည်။မျက်နှာချင်းဆိုင် ထိုင်နေတာမို့ ထိုမျက်နှာကို ကာရန် စေ့စေ့စပ်စပ် ကြည့်ခွင့်ရနေသည်။ဘာလောကဓံမှ မခံစားဖူးသူဟု ခန့်မှန်းမိလောက်သည်အထိ သူမက သန့်စင်လှပပါသည်။ပြုံးနေသော မျက်လုံးများကို ကြည့်နေရင်းက ကာရန် နှုတ်ခမ်းများ တွန့်ချိုးလာမိသည်။ဘာကိုမှ ထပ်ခါထပ်ခါ လုပ်ချင်စိတ်မရှိပေမယ့် ဒီအပြုံးကိုတော့ နောက်တစ်ခါလောက် မြင်ချင်ပါသေးသည်။
YOU ARE READING
ပထမဆုနဲ့ ထာဝရ...သူ : The Rhythm & The Rhyme
Romanceနွမ်းနေတဲ့ ခရေပန်းလေးတွေကို အိတ်ထဲ ထည့်ထားရင်း ခြေလှမ်းမှန်စေလိုတဲ့ဆန္ဒတွေနှင့် ဖိနပ်တစ်ရံကို ပိုက်ထားတဲ့ သံစဉ်တစ်ခုဟာ ရှင်သန်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပါတယ်...