လှည်းတန်းကနေ စိုက်ပျိုးရေးကို သွားမှာမို့ လမ်းသာ လျှောက်သွားမည်ဟု ကာရန်ဆုံးဖြတ်လိုက်သည်။ပုံမှန်ဆို ဘယ်ကိုမှသွားလေ့သွားထ မရှိပေမယ့် နေနေက သူ့ကျောင်းကို အတင်းခေါ်တာကြောင့်ရယ်ပါ။နေနေက ပညာရေးတက္ကသိုလ်တက်နေတာဖြစ်ပြီး ကာရန်ကတော့ အဝေးသင်သာ ယူထားပါသည်။ကာရန့်ကို အပြင်ထွက်သွားလာစေချင်တဲ့ ဖေဖေတို့ကြောင့်နဲ့ရော နေနေကြောင့်ပါ ပိတ်ရက်တွင် အဂ်လိပ်စာ သင်တန်းတူတူတက်ရသည်။ကာရန့်မှာတော့ ဘာကိုမှ လုပ်ချင်စိတ်ရှိမနေပါ။ဒါပေမယ့်ပေါ့လေ။
ဒီနေ့က သင်တန်းဖွင့်ရက်မဟုတ်ပေမယ့် သင်တန်းမှ လုပ်ပေးသော free conversation clubရှိသည်ဖြစ်၍ တက်ချင်သည်ဟု မဟုတ်ပေမယ့် တီချယ်က အတင်းခေါ်တာရယ်ကြောင့် လာတက်ဖြစ်သည်။နေနေကတော့ အတန်းချိန်ရှိနေ၍ လာမအားချေ။ဒါပေမယ့်လဲ ကာရန် သင်တန်းလာလောက်သည်ကို သိနေ၍ ကျောင်းကို လာလည်ဖို့ ဖုန်းဆက်လာသည်။တစ်ယောက်တည်းရှိသော ဒီသူငယ်ချင်းကိုဖြင့် ကာရန်စိတ်ဆိုးအောင် မလုပ်ချင်ပါ။အဲဒါကြောင့် သင်တန်းပြီးတာနဲ့ ထွက်လာခဲ့တာဖြစ်သည်။
ခုံးကျော်တံတားအောက်ကနေ ကာရန်လမ်းကူးလိုက်သည်။ပလက်ဖောင်းတွင် လူသွားလူလာတော့ သိပ်မရှိချေ။ဘေးဘီဝေ့ကြည့်လိုက်ပြီးမှ ကျောပိုးအိတ်ထဲက နားကြပ်ကို ထုတ်တပ်လိုက်သည်။ပြီးမှ ခြေလှမ်းမှန်မှန်နဲ့ စိုက်ပျိုးရေးဘက်ကို လျှောက်လာခဲ့သည်။
နေ့ခင်း ၁နာရီခွဲခန့် ရှိနေပြီဖြစ်၍ နေကတော့ ပူနေပါသည်။မေမေ မမေ့မလျော့စစ်ပေးတတ်၍ အိတ်ထဲ ထီးပါလာမည်ကို သိသော်လဲ ကာရန် ထုတ်မဆောင်းချင်ပေ။ထီးဆောင်းခြင်းရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။အေးမြခြင်းလား။ဒါဆိုရင်တော့ ကာရန်ထီးမဆောင်းချင်ပေ။ဘယ်တော့မှ အေးချမ်းခြင်းဆိုတာကို ရလာမှာမဟုတ်တာသိနေတော့ အထူးတလည် အပူတွေကို ကာချင်စိတ်မရှိပေ။အချိန်တစ်ခုပဲ။အဲအချိန်ကို ရောက်ပြီးရင်တော့ အေးချမ်းမလားပဲလေ။
ပူပြင်းနေသော နေရောင်ကို မထီမဲ့မြင်ပြုနေရင်းမှ နားကြပ်မှ တီးလုံးအချို့ကို ဂရုပြုမိတော့ တစ်စုံတစ်ယောက်ကို သတိရမိသည်။အပူတွေကို လျော့စေဖို့ သံစဉ်တွေကို ပေါင်းထည့်ချင်သည့် နွေ။အခုရော ကာရန့်အပူတွေ လျော့သွားရဲ့လား။ဒါပေမယ့် နွေ့အကြောင်းတွေးမိသွားတဲ့အချိန်မှာတော့ ခဏတဖြုတ် အေးသွားသလိုပါပဲ။
![](https://img.wattpad.com/cover/295368142-288-k859263.jpg)
ESTÁS LEYENDO
ပထမဆုနဲ့ ထာဝရ...သူ : The Rhythm & The Rhyme
Romanceနွမ်းနေတဲ့ ခရေပန်းလေးတွေကို အိတ်ထဲ ထည့်ထားရင်း ခြေလှမ်းမှန်စေလိုတဲ့ဆန္ဒတွေနှင့် ဖိနပ်တစ်ရံကို ပိုက်ထားတဲ့ သံစဉ်တစ်ခုဟာ ရှင်သန်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပါတယ်...