"ကဲ ပြောပြချင်တယ်ဆိုတာ ဘာများလဲဗျာ..."
ဆရာ့အပြောကြောင့် နွေ ပြုံးမိသွားသည်။အချစ်က တကယ်ကို နူးညံ့တာ။သူ့အကြောင်း တွေးမိရင်ကို အလိုလို ပြုံးမိသွားတာမျိုးလေ။ပြီးတော့ နေလာရင်းနဲ့ မကြုံဖူးတဲ့ အဓိပ္ပာယ်ရှိမှုမျိုး။နွေတော့ တကယ့်ကို မကူမကယ်နိုင်တဲ့ အခြေအနေကို ရောက်နေတာ ဖြစ်လေသည်။
"ဟောဗျာ...ပြုံးနေတော့တာပါလား..."
ရယ်ချလိုက်တဲ့နွေ့ကို ဆရာက ခပ်ပြုံးပြုံး စိုက်ကြည့်လာသည်။ဆရာ့အကြည့်တွေထဲ များပြားသော အရိပ်အယောင်တွေကို မြင်နေရသည်။အင်းလေ...ဆရာတစ်ယောက်ဆိုတာထက် နွေ့အစ်ကိုလိုဖြစ်နေတာကြာပြီမို့လို့ ပြောင်းလဲစပြုနေတဲ့ နွေ့ရဲ့ပုံစံတွေကို ဆရာက ရိပ်မိမှာ အသေအချာပင်ဖြစ်သည်။
"နွေနဲ့သူနဲ့ အတော်အသင့် ရင်းနှီးနေကြပြီ..."
"အဲဒီကလေးမလေးနဲ့လား..."
သိပြီးသားကို သေချာအောင် မေးသည်ကို နွေသိပါသည်။ပြီးတော့ ဆရာ့မျက်ဝန်းတွေထဲ စိုးရိမ်မှုအနည်းငယ်ကိုလဲ တွေ့ရသည်။
"ဟုတ်တယ်..."
"အင်း ကိုယ် ရိပ်မိပါတယ်... ဘယ်လိုဖြစ်ပြီးတော့ ဆုံးဖြတ်ချက်ပြောင်းသွားရတာလဲ ပြောပါဦး..."
"နွေလဲ မသိတော့ဘူး ဆရာ... နွေ ခြေတစ်လှမ်းလေး တိုးမိတာပါ...ဒါပေမယ့် နောက်ဆုတ်လို့မရတော့ဘူး..."
ဆရာက ခပ်တိုးတိုးလေး သက်ပြင်းချသည်။အရှေ့က ကော်ဖီခွက်ကို အသာမွှေကာ ဇွန်းကို ပန်းကန်ပြားလေးကို တင်လိုက်ပြီး တစ်ကျိုက်မျှသောက်သည်။
"ဒီလိုလုပ်နေတာ နွေ မှားနေပြီမှန်း သိပါတယ်..."
ဆက်ပြောဖို့ကို အနည်းငယ်အားယူရပြန်သည်။
"ဒါပေမယ့် ဘာအမှားမှ လုပ်မထားဘဲ နွေက ရှေ့တိုးခွင့်မရှိတော့ဘူးလားလို့ တစ်ခါတစ်လေ တွေးမိတယ်..."
ကော်ဖီခွက်ကို စားပွဲပေါ် ပြန်တင်ရင်း ဆရာက သက်ပြင်းချပြန်သည်။
"နွေ့ရဲ့ ခံစားချက်တွေက မှားမနေသလို နွေ့လုပ်ရပ်ကိုလဲ မှားနေတယ်လို့ မမြင်ပါဘူး.
...ဒါပေမယ့် ရင်ဆိုင်ရနိုင်တဲ့ ကိစ္စအချို့ကိုတော့ နွေ မေ့မထားဖို့ ကိုယ်ပြောချင်တာပဲ..."
YOU ARE READING
ပထမဆုနဲ့ ထာဝရ...သူ : The Rhythm & The Rhyme
Romanceနွမ်းနေတဲ့ ခရေပန်းလေးတွေကို အိတ်ထဲ ထည့်ထားရင်း ခြေလှမ်းမှန်စေလိုတဲ့ဆန္ဒတွေနှင့် ဖိနပ်တစ်ရံကို ပိုက်ထားတဲ့ သံစဉ်တစ်ခုဟာ ရှင်သန်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပါတယ်...