#Rossica (2)

175 12 0
                                    

[Unicode]

" Hmmm.. "

မောင့်ကိုယ်နံ့တချို့စွဲကျန်ရစ်ပုံရတဲ့ ခေါင်းအုံးကြီးကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တယ်။ ငါ့ဘေးမှာ လှဲလျောင်းနေဆဲ Black ကတော့ ငါအိပ်မပျော်မချင်း ငါ့အရိပ်အကဲကိုကြည့်ပြီး သူ့အမြီးလေးကို လှုပ်ခါနေတော့တယ်။

Black ရဲ့ အမြီးမဲမဲလေးက စိတ်ညှို့တဲ့သူတွေ လက်ထဲက ချိန်သီးကလေး လို့ မှတ်ယူပြီး ငါ စိုက်ကြည့်နေလိုက်တယ် ။ ငါ့မျက်စိတွေ လေးလံလာတယ် ။ ငါ့အသက်ရှူ သံကို ငါ ပြန်ကြားနိုင်တဲ့အထိ အရာရာ တိတ်ဆိတ်သွားတယ် ။

"မင်းသိလား…… လောက၇ခုမှာ လူသားတွေလောက် ဖျက်စီးတတ်တဲ့ သတ္တဝါ မရှိဘူး…… "

အိုမင်းတဲ့လူတယောက်ရဲ့ အသံကို ငါ ကြားလိုက်တယ် ။ ငါ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ် ။ ငါ့ဘေးက Black ဘယ်ကို ပျောက်သွားတယ် ငါ မသိ ။ 

"မင်းကတော့ လူထဲကမှ ထူးခြားတဲ့လူတယောက်မဟုတ်လား... အဖျက်စွမ်းအားပိုကြီးတော့မပေါ့.. "

အခန်းပြတင်းပေါက်နားမှာ ငါ့ကို ကျောပေးပြီး လူတစ်ယောက် ရပ်နေတယ် ။ 
ငါ အိပ်နေရာကနေ ကုတင်အောက်ကို အလန့်တကြား ခုန်ဆင်းလိုက်မိတယ် ။ ငါ့ခြေဖဝါးတွေနဲ့ ထိလိုက်မိတဲ့ ကြမ်းပြင်က စိုစွတ်ပြီး အေးစက်နေတယ် ။

"ရေ…… ရေတွေ……… "

ငါဟာ ပြာလဲ့ကြည်လင်တဲ့ ကန်ရေပြင်ပေါ်မှာ မတ်တပ်ရပ်နေခဲ့တယ်။ လှိုင်းကျပ်ခွပ်လေးတွေ ထနေတဲ့ ရေပြင်အေးအေးပေါ်မှာ ငါ ရယ်… နှစ်ယောက်အိပ်ကုတင်ကြီးရယ် ပဲ ရှိတယ် ။
ငါဟာ ငါ့အိပ်ခန်းထဲမှာ မဟုတ်တော့ဘူးလား ။

ငါ ဘယ်ကိုရောက်နေတာလဲ…… ။

" ကြည့်စမ်းပါဦး… မလှဘူးလား……… "

အဘိုးအိုရဲ့အသံကို ငါ နောက်ထပ်ကြားလိုက်ရပြန်တယ် ။ အဘိုးအိုဟာ ငါနဲ့မနီးမဝေး ကန်စပ်က သစ်သားခုံတန်းလေးပေါ်မှာ ထိုင်နေတယ် ။ အနက်ရောင် ကုတ်အင်္ကျီရှည်ကြီးဝတ်ဆင်ထားတဲ့ နဖူးပြောင်ပြောင် အဘိုးအိုရဲ့ လက်ထဲမှာ ငွေလက်ကိုင်နဲ့ သစ်နက်သားတောင်ဝှေးတစ်ချောင်း ရှိနေတယ် ။

The Song of a Willow Tree ( season 1 + 2 ) |[ COMPLETED ]|Where stories live. Discover now