🖤 2 🖤

933 77 2
                                    

လဲပြိုကျလာသော ခန္ဓာကိုယ်လေးကို လမ်းမထက် ပြုတ်မကျစေရန် သူလှမ်းဖမ်းလိုက်သည်။ အထိန်းအကွပ်မဲ့စွာ ရင်ခွင်ထဲမှီကျလာသော ကိုယ်ငယ်လေးကို ထိန်းရန် ခါးသွယ်သွယ်လေးကို ဖက်မိရာမှ Yibo တစ်ကိုယ်လုံး တုန်တက်သွားရသည်။ ခါးနုနုလေးမှတဆင့် လက်ဖဝါးထက်သို့ စီးဆင်းလာသော အနွေးဓာတ်တို့ကြောင့် နေရာမှာပင် အတန်ကြာအောင် ရပ်တန့်နေခဲ့မိသည်။ အလန့်လွန်ကာ မေ့လဲသွားသော သူလေးကတော့ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ခံထားရဆဲ။

ထိုနွေးထွေးမှု ထိုအထိအတွေ့ ထိုနူးညံ့မှုတို့သည် ၂ ယောက်မရှိနိုင်သောသူ...ဤ လူသားတို့နေထိုင်ရာ ကမ္ဘာဆီ စရောက်တည်းက မည်သူတစ်ဦးတစ်ယောက်၏ အသားကိုမှ သူမထိခဲ့ဖူးပါ။ သူ ပျောက်ဆုံးနေသူကို ရှာဖွေရန် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်။ နှစ်နဲ့ချီ၍ ရှာဖွေခဲ့ကာ အနက်ရောင်နှင်းဆီခင်းကြီးထဲမှ ပွင့်ဖတ်ပေါင်းများစွာ မြေခခဲ့သည့်တိုင် သူရှာမတွေ့ခဲ့။

ယခုတော့ တွေ့ပြီမို့ သူပျော်သွားသည်။ သူ ပထမဆုံး အထိအတွေ့မှာတင် ပျောက်ဆုံးနေသော ကမ္ဘာငယ်လေးကို ရှာတွေ့ခဲ့သည်လေ။ ပျော်ရွှင်ခြင်း အံ့သြခြင်း လွမ်းဆွတ်ခြင်း ထိတ်လန့်ခြင်း စိုးရိမ်ကြောင့်ကြခြင်း စသည့် စိတ်ခံစားချက်မျိုးစုံတို့သည် ခေါင်းထဲသို့ ရှုပ်ထွေးစွာ ၀င်ရောက်လာသော်လည်း နှလုံးသားထဲတွင်မူ နွေးထွေးနေသည်မို့ ရင်ခွင်ထဲမှ မျက်နှာလေးအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။

ထို့နောက် လမ်းမထက်တွင် ဒီအတိုင်းနေလို့မရတာကြောင့် အနီးဆုံးနေရာရှိ hotel သို့ ခေါ်လာခဲ့သည်။ ရှောင်ကျန့်၏အိမ်ကိုလည်း သူမသိ သူ့အိမ်ကိုလည်း ရှောင်ကျန့်ကို ခေါ်သွား၍မဖြစ်သည်ကြောင့် hotel ခန်းထဲသို့သာ ပွေ့ခေါ်လာခဲ့သည်။ ခြေလှမ်းတို့က အမှားမှား...

အခန်းထဲရောက်သော် မေ့နေဆဲလူသားလေးကို ကုတင်ပေါ်ချလိုက်ကာ သူကတော့ ဘေးကထိုင်ပြီး မျက်နှာလေးကို အသေအချာစိုက်ကြည့်နေခဲ့သည်။ ထို့နောက် ၀မ်းသာခြင်းနှင့် ၀မ်းနည်းခြင်းတို့ ပေါင်းစပ်ကာ ပါးထက်သို့ ကျဆင်းလာသော မျက်ရည်စီးကြောင်း...မျက်ရည်စက်တစ်တစ်က ပါးထက်မှတစ်ဆင့် ရှောင်ကျန့် လက်ဖမိုးပေါ် ကျသွားသောအခါ မေ့နေရာမှပင် တွန့်ခနဲ ဖြစ်သွားသည်။ အင်းပေါ့...သူလည်း အများကြီး ခံစားခဲ့ရတာ...ချစ်ခဲ့ဖူးသူ၏ မျက်ရည်တွေကို ဘယ်မြင်လိုပါ့မလဲ...

🖤 Black rose 🖤Where stories live. Discover now