3

122 17 6
                                    

ဖြူဖျော့နေတဲ့ ကောင်လေးကို သူ ငေးကြည့်ရင်း မျက်ရည်တွေ ဝေ့နေမိတယ်။ ဆေးအရှိန်နဲ့ အိပ်ပျော်နေတဲ့ ကောင်လေးကတော့ အသက်ရှူမှန်စွာ အိပ်ပျော်လျက်။

ဒီကောင်လေးကို သူ အရမ်းချစ်ပေမဲ့ တကယ်တော့ သူ့အချစ်က ဘာမှ အသုံးမဝင်ဘူး။ Operation ဝင်ရမယ်ဆိုတုန်းက ကောင်လေးအသက်ကို ကယ်နိုင်ခဲ့တာက သူ့အချစ်တွေ မဟုတ်ပဲ ဘဏ်အကောင့်ထဲက ပိုက်ဆံ‌တွေကြောင့်ဆိုတာ သိလိုက်ရတာတဲ့အချိန်က အရမ်းကို သွေးပျက်သွားခဲ့ဖူးတယ်။ တကယ်တော့ သူ့အချစ်က ကောင်လေးကို မကာကွယ်နိုင်ဘူး။

အခုလည်း တနေ့ညကတည်းက အစာအိမ်ရောင်တဲ့ ကောင်‌လေးက သူ့ကို မပြောပဲ ဖုံးကွယ်ထားတယ်။ နောက်နေ့မနက် ‌ချွေးတွေ ပြန်ပြီး ဟန်မဆောင်နိုင်အောင် ထိုးအန်နေတော့မှ သူ့မှာ ခေါ်ပြီး ဆေးရုံ ပြေးခဲ့ရတာမျိုး။ ဆေးရုံမှာ ကောင်လေး ပြောသလောက်တော့ အရင်ကတည်းက အစာအိမ်ရောင်တတ်တယ်တဲ့။ ဒါကိုလည်း သူမသိခဲ့ပြန်ဘူး။

ပြီးတော့ ဆရာဝန်ပြောသလောက် အစာအိမ်ရောင်ရခြင်း အကြောင်းအရင်းတွေထဲမှာ စိတ်ဖိစီးမှုကြောင့်ဆိုတဲ့အချက်က ပါသေးတယ်။ အခုတလော သူတစ်ယောက်တည်း အတွေးများနေတယ် ထင်ရပေမဲ့ အစာအိမ်ရောင်လောက်တဲ့အထိ ကောင်လေးရော စိတ်ဖိစီးနေတာလား။

အခုတော့ သက်သာပြီး အိမ်ပြန်ခေါ်လာတဲ့ ကောင်လေးက ဆေးအရှိန်နဲ့ အိပ်ပျော်နေတယ်။ တစ်ညလုံး တရေးမှ မနိုးတဲ့ကောင်လေးကို သူလည်း ထိုင်‌သာ ငေးနေမိတာ နေရောင်ခြည်ဖျော့ဖျော့တောင် အခန်းပြန့်ကျဲနေပြီ။

ကောင်လေးကို ခေါ်လာပြီးကတည်းက တက္ကသိုလ်လည်း နားထားတယ်။ စာပြတဲ့ အချိန်ပိုင်း အလုပ်အဆက်အသွယ်တွေလည်း အကုန်ဖြတ်ထားခဲ့တာကြောင့် လက်ရှိ ဒီမြို့လေးမှာတော့ အမေ့အသိဦးလေးတစ်ယောက်ရဲ့ စာအုပ်ဆိုင်မှာပဲ အလုပ်ဝင်လုပ်နေခဲ့တယ်။ အသင့်အတင့် လစာက လက်ရှိ သူတို့နှစ်ယောက် စားသောက်ရုံတော့ လောက်ငှပေမဲ့ ရှေ့လျှောက် ကျောင်းတက်ကြမယ်ဆို ဘယ်လိုမှ မလောက်ငှနိုင်တော့ဘူး။ ကောင်လေးက အထက်တန်းအောင်ထားတာမို့ တက္ကသိုလ် တက်ရဦးမယ်။ ကောင်လေး မတက်ရင်တောင် သူ ပညာစုံအောင် ထားပေးချင်တယ်။

Unforgettable FondWhere stories live. Discover now