၀၇၄

1.7K 361 8
                                    

" အဲ့တော့....မင်းစိတ်ညှို့ခံလိုက်ရတုန်းက ဘာတွေမြင်ခဲ့လဲ? "

ဖုန်းကျော့ကျွင်းက အတော်ကလေးစပ်စပ်စုစုဖြင့် သူ့အားမေးလာသည်။

စုန့်ချီမှာ မတိုင်မီကမြင်ကွင်းကို ပြန်မြင်ယောင်မိလျှင် နားရွက်များ ထိန်းမရအောင်ပူလောင်လာခဲ့သည်။ သူ ချောင်းနှစ်ချက်ဟန့်လိုက်ပြီး မပြတ်မသားပြောလိုက်သည်။

" တကယ်ဘာမှမဟုတ်ပါဘူး၊ အဘိုး ထင်ထားသလိုမျိုး "

" သနားစရာပဲ "

ဖုန်းကျော့ကျွင်းကဆို၏။

" မင်းမလဲ ပထမဆုံးအတွေ့အကြုံလေး မြည်းစမ်းခွင့်ရဖို့အရေး ခက်ပါဘိနဲ့။ တကယ်လို့ မင်းသာလမ်းမပေါ်မှာ ဟုတ်မနေခဲ့ရင် ငါမင်းကို အိပ်မက်ဆက်မက်ခိုင်းနေလိုက်မှာ "

" ကျွန်တော်က အဲ့လိုလူစားမျိုးလား ?! "

စုန့်ချီက မျက်နှာနီနီဖြင့် ထအော်လိုက်သည်။

ရုန်ပိုင်က ကြောင်သွားပြီး သူ့ဘက်သို့လှည့်ကြည့်လာသည်။

"မင်းက ဘယ်လိုလူစားမျိုး? "

စုန့်ချီမှာ ကမန်းကတန်းဖြင့် လက်များကိုခါရမ်းပြလိုက်သည်။

" မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပြောနေတာ "

ရုန်ပိုင်က ထပ်မံ၍မေးမြန်းမလာတော့ပေ။ သူတို့နှစ်ဦး နန်းတော်ဆောင်သို့ ပြန်ရောက်လာချိန်တွင် အချိန်ကြာမြင့်စွာ ရပ်စောင့်နေသူတစ်ဦးအား တွေ့မြင်လိုက်ကြရသည်။

ရုန်ပိုင်၏ နန်းတော်ဆောင်ထဲရှိ ခြံဝင်းတစ်ခုထဲတွင် သစ်ပင်ကြီးတစ်ပင်ရှိသည်။ ထိုသစ်ပင်က မည်သည့်အပင်မျိုးစိတ်လဲ စုန့်ချီမသိသော်ငြား ၎င်း၏အကိုင်းအခတ်အရွက်များကတော့ ကြီးမားကာ စိမ်းစိုလွန်းသဖြင့် နန်းဆောင်ဝင်းတစ်ဝက်ခန့်ပင် ဖုံးအုပ်ထားလုနီးပါး။ ဧည့်သည်တစ်ယောက်က ထိုသစ်ပင်ကြီးအောက်တွင် ရပ်နေသည်။

ထိုသူက နောက်ကျောအမြင်နှင့်တင် လှပကြော့ရှင်းရှိသော မိန်းမပျိုလေးတစ်ယောက်ဖြစ်၏။ သူမသည် ပန်းနုရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး ငြိမ်ငြိမ်ဆိမ်ဆိမ်လေးရပ်နေရာ လေပြည်က သူမ၏ဝတ်ရုံစကို လွင့်လူးတိုက်ခတ်သွား၏။

မြေခွေးမိစ္ဆာကျင့်ကြံရေးလမ်းညွှန်Where stories live. Discover now