ဂျောင်ကု မျိုးရိုး ဂျုံး
"အစ်ကို... ကျွန်တော် အစ်ကို့ကိုသဘောကျတယ်"ပန်းချယ်ရီတို့ ခ,ကြွေနေသော ကျောင်းလမ်းကလေး၏ ဘေးဘက်ခုံတန်းလေးများ ရှိရာတွင်ဖြစ်သည်။
"ကောင်းပြီလေ ဒီနေ့က ပထမဆုံးရက်လို့ မင်းဘက်ကပဲ မှတ်ထားပေးပါ"
"ဗျာ..!"
မထူးဆန်းသလို အပြုံးပါးပါးလေးဖြင့် ပြန်ဖြေကာ ဖတ်လက်စ,စာအုပ်လေးဆီ အကြည့်ပြန်ပို့သွားသူ။ သူ့မှာသာ အံ့အံ့ဩဩ။ သူ၏ ဝိုင်းစက်သွားသော မျက်ဝန်းဝိုင်းလေးမှာ ပျော်ရွှင်ရိပ်လေး မြူးသွားသလို နားမလည်နိုင်ခြင်းများကလည်း ရောယှက်နေသည်။ထိုလူသားလေး ထိုင်နေရာ ခုံတန်းလေး၏ လွတ်ရာနေရာကလေးတွင် ဝင်ထိုင်လိုက်သည်။ ထိုအချိန်မှသာ စာအုပ်ကလေးအား ပိတ်သိမ်းရင်း သူ့ဘက်သို့ လှည့်ကြည့်လာသည်။
"မင်းပဲ ကိုယ့်ကိုသဘောကျတယ်ဆို"
"ဟုတ် ဒါပေမယ့် ဘာလို့ဒီလောက်မြန်မြန်ကြီး..."
"ကိုယ် အချိန်တွေဆွဲရတာမကြိုက်ဘူး
မင်းက ကိုယ့်ကိုချစ်ခွင့်ပန်တယ် ကိုယ်ကအဖြေပြန်ပေးတယ် ဒါပဲလေ""သိပါပြီ" အတောက်ပဆုံးသော အပြုံးလေးဖြင့် သဘောတကျပြုံးမိသည်။
ချစ်ခွင့်ပန်သည့်အဆင့်ထိ မရောက်သေးဘဲ ချစ်မိနေကြောင်း ပြောပြပေးရုံအဆင့်ထိသာရှိသေးကြောင်းကိုတော့ ထိုလူသားလေး သတိထားမိသွားအောင် သူပြန်ပြောမပြချင်တော့။ ဘာလို့ဆို ဒီနေ့မှ ထိုလူသားလေးကို သူစ,တွေ့ဖူးတာလေ။ တက္ကသိုလ်ပထမနှစ်ကျောင်းသားမို့ ပထမဆုံးကျောင်းတက်ရက်မှာ ယောင်လည်လည်နှင့်မျက်စိလည်ကာ ထိုလူသားလေးဆီကို အမှတ်မထင်ရောက်လာခြင်းသာ။
မြင်မြင်ချင်းအချစ်လို့ ခေါင်းစဉ်တပ်လို့ရပါ့မလားတော့ သူမပြောတတ်။ ထိုခုံတန်းမှာပဲ မလှုပ်မယှက်လေးထိုင်နေသည့် ထိုလူသားလေးအား ပေါ်တင်ပင် ဘေးဘက်ခုံတွင် သူထိုင်ကြည့်နေတာ နှစ်နာရီကျော်။ ထိုလူသားလေးလည်း မလှုပ်သလို သူလည်း မရွေ့မိ။
တရွေ့ရွေ့ဖြင့်သွားနေသော အချိန်နာရီတို့ကိုသာ သူစီမံခွင့်ရှိရင် ဒီအခိုက်အတန့်လေးကိုပဲ နာရီတွေများစွာတည်အောင် သူ ဆွဲဆန့်ထားပစ်လိုက်မည်။ သို့သော် ဝမ်းနည်းစရာကောင်းအောင် သူ့မှာ ထိုအစွမ်းအစတို့က မပိုင်ဆိုင်ပေ။