(A.N ကို အချိန်လေးပေးပြီး ဖတ်ပေးကြပါနော်)
ဒိတ်လုပ်မယ်
"တော်သေးတာပေါ့ ကျွန်တော် ကံကောင်းသွားလို့"
"ဘာလဲ ပတ်ခ်ဂျီမင်းအကြောင်း သိလိုက်ရပြီဆိုတော့ စောစောစီးစီးထဲက နောက်ဆုတ်တော့မလို့လား"
စီနီယာ၏စကားအဆုံး သူပြုံးပြလိုက်သည်။ ပြီးမှ ခေါင်းကိုဖြေးညှင်းစွာခါပြလိုက်ရင်း ကျောပိုးအိတ်လေးအား ကောက်လွယ်လိုက်သည်။
"မဟုတ်ပါဘူးဗျာ ဒီစာသင်နှစ်မှာ ကျွန်တော်အစ်ကို့ကို လက်ဦးနိုင်လိုက်လို့ပါ...ဒါဆို အစ်ကို့ကို ကြိုမလို့ ကျွန်တော်သွားလိုက်ဦးမယ်... နောက်မှတွေ့မယ်နော်"
သူခြေလှမ်းတိုင်းက တက်ကြွနေသည်။ နောင်လာမယ့် ကျောင်းတော်ရဲ့ပြက္ခဒိန်တွေအတွက် သူ့မှာ အစ်ကိုနှင့်လုပ်စရာတွေအများကြီးရှိသေးသည်။ အစီအစဉ်တွေဆွဲကာ အစ်ကို့ကို သူ့တစ်ဘဝလုံးအတွက် သိမ်းထုတ်ထားလိုက်တော့မည်။ အစက ရင်ခုန်ရုံဆိုပေမယ့် ခုတော့ ဆုံးဖြတ်ချက်တွေပါ ခိုင်မာကုန်သည်။
"အစ်ကို့ရဲ့အတိတ်တွေထဲကနေ ကျွန်တော် ဆွဲထုတ်ပေးမယ်"
နောက်ဆုံးနှစ်ကျောင်းဆောင်သို့ သူကြည့်လိုက်သည်။ နေ့လည်ခင်းချိန်မို့ ခါတိုင်းအတန်းချိန်တွေထက် လူနည်းနေသည်။ ဟိုတစ်ယောက်၊ဒီတစ်ယောက်ထွက်လာသည့် လူအုပ်ကြဲကြဲထဲမှသူ့၏အစ်ကိုသေးသေးလေးဟာလည်း ခြေလှမ်းမှန်မှန်ဖြင့် မည်သည်ကိုမှကြည့်မနေဘဲ ခေါင်းငုံ့ကာလျှောက်လာသည်။
"အစ်ကို!"
သူသာ စ,ပြီးမခေါ်ပါလျှင် ကျော်သွားတော့မည်မို့ ကျောပိုးအိတ်အပေါ်အနားကွင်း(ဂွင်း)လေးအား ဆွဲယူထားလိုက်သည်။ သူ့အရှိန်နှင့်သူမို့ နောက်မှအားတစ်ခုနှင့်ပြန်ဆွဲလိုက်သောအခါ သူ့ဆီသို့ အရှိန်ဖြင့်ပြန်ပါလာသည်။
သူ့ရင်ခွင်ထဲသို့ မရောက်တရောက်နှင့်အစ်ကိုက စိတ်နည်းနည်းတိုသွားသလို သူ့အားမော့ကြည့်လာသည်။ အကြည့်တို့က စူးနစ်နစ်။ သူပင် လန့်သွားသည်။ သို့သော် မကြာလိုက် သူ့(ဂျောင်ကု)အား မှတ်မိသွားသလို နှုတ်ခမ်းဖူးတို့ကပွင့်အာလျက် အကြည့်စူးတို့ကို ပြန်ရုတ်သိမ်းသွားသည်။