ပတ်ခ်ဂျီမင်း
"ငါ့ရှေ့ကနေ အခု ဖယ်စမ်း!"
ပြင်းထန်လွန်းသည့် စကားလုံးအသုံးနှုန်း။ ဘေးနားမှ ဖြတ်သွားသူတိုင်း လှည့်ကြည့်လှည့်ကြည့်လုပ်လာကြသည်။ ထိုလူများအတွက်အထူးအဆန်းဖြစ်နေနိုင်ပေမယ့် သူ့အတွက်တော့ မဆန်းတော့သည့် ခဏခဏကြုံနေရသော စိတ်ပျက်စရာကိစ္စ။
"ငါ...ငါ မင်းကိုတကယ်ချစ်တာပါကွာ မနှင်ပါနဲ့လား"
"ငါကလည်း မချစ်နိုင်ဘူးလို့ ဘယ်နှစ်ခါပြန်ပြောပေးရမှာလဲ ကြာတော့စိတ်ကုန်ရုံတင်မဟုတ်ဘူး မင်းကို စိတ်ပါပျက်လာပြီ ငါမင်းကို မမြင်ချင်တော့ဘူး ထွက်သွား!
ဘယ်တော့မှ ငါ့အရှေ့ပေါ်မလာနဲ့"စိတ်ဆိုး/ဒေါသထွက်နေသည့်တိုင် ရှိရင်းစွဲအလှတရားနှင့် ပြတ်သားမှုတို့ကပေါင်းဖက်မိတော့ သူရှေ့ရှိအမျိုးသားတင်မက လှည့်ကြည်မိသူတိုင်းပါ အန္တရာယ်လှလှလေးကြားထဲ နစ်မွန်းကြရပြန်သည်။ သို့သော် အသိရှိသူသည်တော့ သူ့အရှေ့ကို လာရဲမည်မဟုတ်။
"မလုပ်ပါနဲ့ မင်းမရှိရင် ငါသေလိမ့်မယ် ငါကိုယ့်ငါသိတယ် ကျေးဇူးပြုပြီး ပြန်ချစ်ပေးပါလား တစ်ခါလောက်ပဲလေ" ပြောရင်းဆိုရင်း သူ့ခြေထောက်တစ်ဖက်အားဖက်တွယ်လိုက်ကာ ဒူးထောက်လာသည်။ ဒါတွေ... ဒါတွေ။ သူစိတ်ပျက်တာ ဒါတွေ။
ချစ်ပါ။ လူတိုင်းချစ်ခွင့်ရှိတယ်။ ဒါကို သူနားလည်သလို သူအပြစ်လည်းမမြင်ဘူး။ လူတိုင်းကလည်း အချစ်ကို တောင်းခံဖို့အတွက်ထိုက်တန်တယ်။ ဒါပေမယ့် တစ်ဖက်ကိုလည်း တွေးပေးဦးလေ။ တောင်းခံတိုင်းသာ ရ,ရမယ်ဆို ထိုအရာကိုအချစ်လို့ ခေါ်ပါဦးမလား။ တကယ်လို့ တောင်းခံလိုက်တိုင်းပြန်ရရင် အဲ့ဒီအချစ်ဆိုတဲ့အရာကြီးကကော အပေါစားဆန်လွန်းမနေဘူးလား။ သူ ယုံကြည်ထားသည့် အချစ်ကတော့ 'သူချစ်'လည်း မဟုတ်သလို 'ကိုယ်ချစ်'လည်းမဟုတ်။ သူကလည်းချစ်သလို ကိုယ်ကလည်းချစ်မိမှ ပေါက်ဖွားလာသည့် ရိုးရိုးစင်းစင်းအချစ်ကသာ သူသတ်မှတ်ထားသည့် အချစ်ရဲ့ သင်္ကေတတစ်ခု။ ဒါပါပဲ။
သူ့ရှေ့ကလူကိုလည်း မစဉ်းစားပေးပဲ တန်းပြီးငြင်းဆန်ခဲ့တာမဟုတ်ဘူးလေ။ ချစ်မိသွားမလားဆိုတဲ့အတွေးနဲ့ စဉ်းစားပေးခဲ့ပါတယ်။ ဒါပေမယ့် ချစ်လို့မှမရခဲ့တာ။ မတတ်နိုင်ဘူးလေ ဒါက သူ့အပြစ်မှ မဟုတ်ဘဲ။ ဒါကို ဘာလို့အသာတကြီး လက်မခံနိုင်ရတာလဲ။ 'ရယူခြင်းကမှ အချစ်မဟုတ်ပါဘူး' လို့ နူးနူးညံ့ညံ့စကားလုံးတွေနဲ့လည်း သူ နှစ်သိမ့်ပေးးခဲ့ပြီးပါပြီ။ ဒါကိုတောင် သူ့ကိုလူယုတ်မာဇာတ်သွင်းပြီး ဇာတ်တွေနာပြနေတာ။ သူ့အရှက်တွေကို နေရာတိုင်း၊ အချိန်တိုင်း လိုက်ခွဲနေတာ။ ဒီထက်ပိုပြီး သည်းမခံနိုင်တော့။