Unicode
2//
ညဘက် ဘယ်လောက်ပဲအိပ်တာ နောက်ကျ နောက်ကျ မနက် 6:00 ဆို ပုံမှန်နိုးတတ်တာ မဏိအကျင့်။ နိုးနိုးချင်းပင် တဖက်ကုတင်သွားကာ ချစ်ရသူကို စောင်ခြုံပေးလိုက်သည်။အိပ်မောကျနေသူ၏ နဖူးပြင်လေးကို အနမ်းပေးကာ aircon ပိတ်လိုက်သည်။ဒီလိုအချိန် မထတတ်သော သာသာလေးကို မနှိုးတော့ပဲ ရေချိုးခန်းထဲဝင်လိုက်သည်။
ကိုယ်လက်သန့်စင်ပြီး အိမ်နေရင်း t-shirt တထည်နှင့်ဘောင်ဘီတိုကောက်စွပ်ကာ အောက်ထပ်သို့ဆင်းခဲ့သည်။အောက်ထပ်ရောက်တော့ လှေကားရင်းတွင် မာမီကိုတွေ့ရသည်။
"မာမီ ကျနော်ပြောစရာရှိလို့ "
"အင်း မာမီလဲသားကို ပြောစရာရှိတယ် လာ အခန်းထဲသွားရအောင် သာသာလေးမနိုးသေးဘူးမလား"
"ဟုတ် သူခုချိန်မထတတ်ဘူးလေ "
"ဪ"
မွှေးလဲ သားငယ်ကို လက်ဆွဲကာ ကုတင်ပေါ်ထိုင်စေလိုက်ပြီးမိမိလည်း သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။
"သား ပြောမယ်ဆိုပြောလေ ပြီးမှမာမီပြောမယ်"
"ကိုစေက မနက်ဖြန်ရောက်မယ်ပြောတယ် မာမီ အဲ့ဒါသားဘယ်လိုလုပ်ရမလဲ "
"မာမီပြောတာသေချာနားထောင် သား ဒီနေ့မာမီသာသာလေးတို့အိမ်သွားပြီး နားဖောက်မယ် မနက်ဖြန်စေ့စပ်ပွဲလုပ်ဖို့အားလုံးစီစဥ်ပြီးပြီ နွယ်နဲ့လည်းတိုင်ပင်ပြီးသား ကိုလွင်မောင်လည်း လက်ခံတယ်"
"ကိုစေက လက်ခံပမလား"
"သူလက်မခံတာ သူ့အပိုင်းလေ ၊ သားကဘာကိုကြောက်နေတာလဲ မာမီကတော့စီစဥ်ထားတဲ့အတိုင်းလုပ်မယ် သာသာလေးသိရင် ဘယ်လောက်ပျော်မလဲ အိမ်မှာလဲ ဘယ်တော့စေ့စပ်ပေးမလဲ တချိန်လုံးမေးနေတာတဲ့ မနွယ်ကပြောတယ် "
မိမိပြောလိုက်တော့ ချက်ချင်းပင်ခေါင်းငုံ့သွားသည်။ဒီကောင်လေး ခိုးပြုံးနေတာ သေချာသလောက်ပင်။သားကို ကျောလေးပွတ်ပေးပြီး အားပေးလိုက်သည်။သားက ငယ်ငယ်လေးထဲက ခုချိန်ထိ လိမ္မာရေးခြားရှိသည်။အားနာတတ်သည်။မိသားစုကိုခင်တွယ်သည်။အထူးသဖြင့် သူ့အကိုကို။ မွှေး သားတို့အဖေနဲ့ ကွာရှင်းတော့ သားကြီးက သူ့အဖေနဲ့ ပါသွားသည်။