Unicode
19//
"အသေးလေး....ထဦး"
မော်ကွန်း သူ့ကျောကို ခပ်ဆတ်ဆတ် ပုတ်ပြီး နှိုးလိုက်သည်။ထိုအခါ မျက်လုံးမဖွင်ပဲ ခေါင်းထောင်လာသည်။
"အိပ်ရေးမဝသေးဘူး"
ပြောပြီး ချက်ချင်းပင် ပြန်ခေါင်းစိုက်သွားသည်။
"မဝရင်လည်း ပြီးမှထပ်အိပ် ၊ခုတော့အရင်ထဦး ဒီမှာကိုယ်ကျဥ်နေပြီ"
"ဟမ်...!"
သာသာ မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်ကြည့်လိုက်သည်။သို့သော် မျက်လုံးအိမ်အပြည့်တော့မဟုတ်။မှေးပြီး မြင်ရရုံသာလောက်။မျက်လုံးက မျက်ဝတ်တွေနဲ့ဆိုတော့ မြင်လွှာက ဝိုးတိုးဝါးတား။
ထို့ကြောင့် ထုံးစံအတိုင်း လက်နှင့်ပွတ်ရန် ဗိုက်အောက်မှ လက်ကိုဆွဲထုတ်လိုက်သည်။ထုတ်ထုတ်ချင်းမှာပင် ဦးမော်ကွန်းက လက်ကောက်ဝတ် အောက်ဘက်ကို ဆုပ်ကိုင်ပြီး ကုတင်ပေါ် ဘုတ်ခနဲမြည်အောင် ဆန့်ချလိုက်သည်။
မျက်စိပွတ် ကြည့်တတ်တာ အကျင့်ပါနေသည့် သာသာက နောက်လက်တဖက်ကို ဆွဲထုတ်မိပြန်သည်။ဒီတကြိမ်လည်း ဦးမော်ကွန်းက ဖမ်းဆုပ်ပြီး ဆန့်ချပစ်လိုက်ပြန်သည်။
ဖူး.......
မှုတ်ထုတ်လာသော လေပူတချို့က သာ့သာ့မျက်လုံးထဲဝင်လာသည်။ခိုးလိုးခုလု ဖြစ်နေ၍ မျက်စိကို စုံမှိတ်ကာ နဖူးနှင့် သူ့ရင်ဘတ်ကို တိုက်ပစ်လိုက်သည်။
"အာ...နာတယ် ကျွဲပေါက်ရဲ့ ၊ မနက်ရှိသေးတယ် ဘယ်လိုဖြစ်လို့ လူကိုတိုးချင် ခတ်ချင်နေရတာတုန်း"
လာပြန်ပြီ ဒီကျွဲပေါက်။သူ အဲ့လိုခေါ်ရတာကို တော်တော်လေး ခံတွင်းတွေ့နေတာဖြစ်ရမည်။သာသာက ကျွဲနဲ့တူတာမှမဟုတ်တာ။ကျွဲက မည်းမည်းကြီးကို။ ယုန်လေးဆိုမှ ဟုတ်တုတ်တုတ်။သာသာက အရမ်းဖြူနေတာကို။
အမြင်ကပ်ကပ်ဖြင့် သူ့လည်ပင်းတစ်ဝိုက်လုံးကို ခေါင်းနဲ့ ဝှေ့ရမ်းပြစ်လိုက်သည်။သူ့မှာ ယားတတ်တဲ့ အကျင့်ရှိတာ သာသာသိသည်မို့ ပိုပိုသာသာလေး တွန်းတိုက်ပစ်လိုက်သည်။