14//
လမ်းတစ်လျှောက် ရဲရဲပွင့်နေသော လက်ပံပွင့်များ....။
လေအဝှေ့မှာ ပျံ့လွင့်လာတဲ့ ရော်ရွက်ဝါများ....။
မိုးရွာထား၍ ခပ်သင်းသင်း မွှေးပျံ့နေတဲ့ မြေဝါဝါများ....။
တဖြူးဖြူး တိုက်ခတ်လာတဲ့ လေနုအေးနှင့်အတူ တရွေ့ရွေ့သွားလာနေသော ရေလှိုင်းကလေးများ...။
ထိုသဘာဝရှူခင်းများကို ခံစားရင်း မော်ကွန်းတို့ကားလေး ဆည်မြောင်းရိုးအတိုင်း စုန်မောင်းခဲ့သည်။
အသေးလေး၏ အစ်မဖြစ်သူက Civil Engenieer တစ်ယောက်။ယခုမူ ဆည်မြောင်းဆောက်လုပ်နေခြင်းကြောင့် တောတွင်းတနေရာသို့ ရောက်ရှိနေသည်။အစ်မဖြစ်သူက ခွင့်ယူပြီး မန္တလေးမြို့ပေါ် လာခဲ့မယ်ပြောပေမဲ့ မော်ကွန်းတားမြစ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အသေးလေးကို တောတောင် ရေမြေ သဘာဝအလှ တို့အား ခံစားဖူးစေချင်၍ပင်။မော်ကွန်း လေ့လာရသလောက် သူ့အစ်မရောက်နေတဲ့နေရာက အင်မတန်အေးချမ်းပြီး သစ်ပင်တွေထူထပ်တဲ့ နေရာ။ထိုနေရာကို တမင်လိုက်ပို့ခြင်းပင်။
ထို့အပြင် ကားလမ်းပေါက်တဲ့ဒေသမို့ လမ်းပမ်းဆက်သွယ်ရေးကမခက်ခဲ။ကားစီးရင် မန္တလေးမြို့ကနေ တစ်နာရီသာသာလောက်ပဲ စီးရသည်မို့သွားချင်သည့် အရပ်ဒေသကိုသွားနိုင်သည်။အစားအသောက်အတွက်လည်း ပူစရာမရှိ၍ အသေးလေးကို လာပို့ခြင်းဖြစ်သည်။
ဘေးနားမှာထိုင်နေသူကတော့ သီချင်းလေးညည်းရင်း ကားပြတင်းပေါင်ပေါ် မေးတင်ကာ အပြင်ကိုငေးနေသည်။သူငေးတာက အကြောင်းမဟုတ်ပေမဲ့ လမ်းဘေးဝဲယာမှာ အပင်တချို့ရှိနေသည်လေ။အန္တရာယ်ဖြစ်နိုင်သည့်အခြေနေမို့။
"အသေးလေး ခုံမှာသေချာပြန်ထိုင်တော့ သစ်ကိုင်းတွေရှိနေတယ် မျက်နှာရိုက်မိလိုက်မယ် အဲ့လက်တွေလည်း သိမ်းတော့"
"ဒီမှာ အလှအပတွေခံစားနေတာလေ ဘာလို့ခုမှလာ ပိတ်ပင်နေတာလဲ မသိမ်းဘူး ဒီတိုင်းနေမှာ"
မော်ကွန်းပြောမှ ပိုရွဲ့ပြလာသည်။ဒီတခါ မေးတင်ရုံတင်မဟုတ်ပဲ ထိုင်ရာမှထပြီး ခေါင်းတပိုင်းလုံး အပြင် ထွက်သွားသည်။လက်နှစ်ဖက်ကို ရှေ့ထုတ်ပြီး အော်နေပြန်သည်။