Unicode
11//
ကားထဲကနေ ပွေ့ချီပြီး မွေ့ယာပေါ် ချသိပ်လိုက်တာတောင် သူ့မှာမနိုး။ပိုလို့တောင် ဇိမ်ကျသွားသလားပင်။ မထင်မှတ်ရလောက်အောင်ပဲ တလောက လုံးကို မေ့ကာ အသက်ရှူသံမှန်မှန်ဖြင့် ငြိမ်နေပြန်သည်။
အိပ်မောကျနေတဲ့ ပန်းနုရောင် အသေးကောင်လေးကို ဘာရယ်မဟုတ် မော်ကွန်းကြည့်နေမိသည်။ရုတ်တရက်ဆိုသလို လူဘက်လှိမ့်လာသဖြင့် ကိုယ့်မှာ အောက်ပြုတ်ကျတော့မလို။ထို့ကြောင့် မွေ့ယာအစွန်းမှထကာ ကြမ်းပြင်မှာပဲ ဆင်းထိုင်လိုက်ရသည်။
ထိုင်လျက်သားကပင် လက်ပိုက်ကာ ထိုပန်းနုရောင်လေးကိုပဲ ကြည့်နေမိသည်။အဖုအထစ် တစ်စုံတစ်ရာမရှိပဲ ဝင်းမွှတ်ကြည်စင်နေသော မျက်နှာလေး။
ပြေပြစ်သော နဖူးပြင်ကျဥ်းကျဥ်းလေးမှာ ချွေးစလေးတွေ စို့နေသည်။ထိုချွေးစကြောင့် တွဲကျနေတဲ့ ဆံစလေးတွေကလည်း နဖူးပြင်မှာ ဟိုတစ်ဒီတစ်စ ကပ်ငြိလို့။ထိုဆံစလေးတွေက မော်ကွန်း၏ မြင်လွှာမှာ ကားဆီးနေသည့်အတွက် ဖယ်ရှားပစ်မိသည်။
မှိတ်လျှက်ရှိသော မျက်ခွံမို့မို့လေးတွေပေါ်မှာလည်း သွေးကြောလေးတွေက ဟိုဟိုဒီဒီ ဖြတ်ပြေးနေသယောင် ထင်ရသည်။ထို မျက်ခွံမိုမို့လေးထဲမှ အစွန်းထွက်နေသော ခပ်စိပ်စိမ် မျက်တောင်လေးတွေကလည်း အပေါ်သို့ ကော့ပျံနေသည်။
မျက်ခုံးတန်းလေးကလည်း သေးသွယ်ကာ မည်းနက်နေသည်။မော်ကွန်း ထိုအတန်းလေးကိုအလိုက်သင့် သပ်ပေးလိုက်တော့ ခဏအတွင်း လှဲအိပ်သွားကာ မကြာမီပြန်မတ်လာကြသည်။မျက်ခုံးမွှေးလေးကတော့ လူနဲ့တခြားစီပင်။မော်ကွန်း ဘယ်လောက်ထိထိ သူမနိုး။
ပါးလေးတွေကလည်း အပြင်က နေအပူရှိန်ကြောင့်လား အခန်းထဲ က aircon ဒဏ်ကြောင့်လားမသိ သွေးရောင်လွှမ်းကာ ရဲနေသည်။ခပ်မို့မို့ ပါးအို့လေးတွေက ရှမ်းမလေးတွေလို။မော်ကွန်းလက်နဲ့ထိတဲ့နေရာကလည်း အိဝင်ကာ နူးညံနေသည်။မော်ကွန်းပါးနဲ့တော့တခြားစီပင်။
စင်းသွယ်နေသော နှာတံလေးကလည်း အဖျားမှာ ချွန်သယောင်။ပြောင်တင်းကာ အစက်အပျောက်ရယ်လို့မရှိ။ကမ္ဘာမှာ ဒီပန်းနုရောင်အသေးလေးလို လူမျိုးချည်းဆို မီးမီးတို့ သုံးနေကျ ဆားဝက်ခြံကပ်တဲ့ ကပ်ခွါတွေ ရောင်းရမှာမဟုတ်။သိန်းကျော်တန် makeup တွေလည်း မီးပုံရှို့ရလောက်သည်။ဘာလို့ဆို သုံးမဲ့သူမရှိလို့လေ။